နှင်းဆီစကားထာရုပ်သံဇာတ်လမ်းတွဲကိစ္စ နှင့် လုံးဝမသက်ဆိုင်တော့ဟု ဒါရိုက်တာ ညိုမင်းလွင်ပြော

နှင်းဆီစကားထာရုပ်သံဇာတ်လမ်းတွဲကိစ္စ နှင့် လုံးဝမသက်ဆိုင်တော့ဟု ဒါရိုက်တာ ညိုမင်းလွင်ပြော

ရန်ကုန်၊ ဇွန် ၂၀ ။              ။ နှင်းဆီစကားထာ ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးတော့မည်မဟုတ်သလို ထိုဇာတ်ကားနှင့် ပတ်သက်သည့် အရှုတ်အရှင်းပြဿနာများမှလည်း ၎င်းနှင့် လုံးဝမသက်ဆိုင်တော့ကြောင်း ဇွန်လ ၂၀ရက်က ရှင်းလင်းလိုက်သည်။

အဆိုပါရှင်းလင်းပွဲကို ရန်ကုန်မြို့ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ပြုလုပ်ခဲ့သည်။

နှင်းဆီစကားထာ ရုပ်သံဇာတ်လမ်းတွဲသည် ယခင်က ဒါရိုက်တာ ညိုမင်းလွင်နှင့် ရိုက်ကူးရန် စီစဉ်ခဲ့သော်လည်း လက်ရှိတွင် ဒါရိုက်တာ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သလို နှင်းဆီစကားထာ ဇာတ်ကားတွင် ပါဝင် အရွေးခံရသူများသည် သင်တန်းကြေးအဖြစ် ငွေကျပ် ကိုးသိန်း ပေးသွင်းရမည် ဆိုသည့် အကြောင်းအရာများ ဖြစ်ပေါ်ခဲ့ သည်။

ဒါရိုက်တာ ညိုမင်းလွင်က "ဒီနေ့ စာနယ်ဇင်းရှင်းလင်းပွဲ လုပ်ရတာက ကျွန်တော့အတွက် အရေးကြီးလို့ မဖြစ်မနေ ကျင်းပပြုလုပ်ရတဲ့ စာနယ်ဇင်းပွဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် မေလ ညတစ်ညမှာ သွန်းနေစိုးက သူ ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ ဖုန်းဆက်ပြီး လာပါရစေ ပြောတာနဲ့ သူရောက်လာခဲ့တယ်။ မြဝတီရုပ်သံ တစ်ခုမှာ လွှင့်မယ့် တီဗီ ဇာတ်လမ်းတွဲ တစ်ခုကို ကိုညိုရိုက်ပေးနိုင်မလားလို့ မေးတယ်။ နေသော် နဲ့ ပျိုးဆိုရင် လူမင်း၊ အိန္ဒြာကျော်ဇင် မဟုတ်ရင် မရိုက်ချင်တော့ဘူး။ နေသော်နဲ့ပျိုးကို သူတို့နှစ်ယောက်ကလွဲပြီး အစား ထိုးမနိုင်တော့ဘူး။ အဲ့ဒီဇာတ်လမ်း ဆိုရင် ကျွန်တော်မရိုက်တော့ဘူးပြောလိုက်ပါတယ်။ မဟုတ်ပါဘူး လူငယ်အသစ်တွေနဲ့ပဲ လုပ်ချင်တာပါတဲ့။ သူနဲ့ ကျွန်တော် ရှေ့မှာ နှင်းဆီကကြိုးဆိုတဲ့ ဇာတ်ကားတစ်ခု လက်တွဲခဲ့တယ်။ သူ့ ဝတ္တုရိုက်ခဲ့ဖူးတဲ့ အကြိမ် ရှိတဲ့အတွက် ဇာတ်လမ်း သွန်းနေစိုး ဆိုရင် ဇာတ်လမ်းအပေါ်မှာ ဘာမှပြောစရာမရှိပါဘူး။ အကြမ်းဖျဉ်း သူ နှုတ်နဲ့ပြောတဲ့ ဇာတ်လမ်းကို ကျွန်တော် နားထောင်ပြီး လက်ခံခဲ့တယ်။ နောက် ဆူးလေရှန်ဂရီလာဟိုတယ်မှာ သရုပ်ဆောင်ရွေးချယ်ပွဲတစ်ခုလုပ်ပါမယ်တဲ့။ သရုပ်ဆောင် ရွေးချယ်ပွဲလို့ပြောပါတယ် အဲ့ဒီဇာတ်ကားမှာ ပါမယ့် သရုပ်ဆောင်တွေကို ရွေးချယ်ပွဲလို့ နားလည်ပါတယ်။ သရုပ်ဆောင် ရွေးချယ်ပွဲအတွက် ဒိုင်လုပ်ပေးနိုင် မလားလို့ မေးတော့ ကျွန်တော်ရိုက်မယ့်ကားကို ကျွန်တော် ဒိုင်လုပ်ခြင်းက ဖြစ်သင့်ပါတယ် ဆိုပြီး လုပ်ပေးပါမယ်လို့ ပြောလိုက်ပါတယ်။ သူကျွန်တော့်ကို ခွင့်တောင်းသွားတာက သရုပ်ဆောင် ရွေးချယ်ပွဲပါ။ သရုပ်ဆောင် သင်တန်းမဟုတ်ပါဘူး။ သူ လာပေးတဲ့ စာရွက် နှစ်ရွက်မှာ ငွေ ကိုးသိန်း ဆိုတဲ့ ကိစ္စ လုံးဝဖော်ပြထားခြင်း မရှိပါဘူး။ တကယ်လို့သာ ငွေကိုးသိန်းကိစ္စ သူပြောခဲ့မယ် ဆိုရင် ကျွန်တော် အဲ့ဒီအချိန်မှာကတည်းက နှုတ်ထွက်ရင်နှုတ်ထွက် မနှုတ်ထွက်ဖြစ်ရင် တားဖြစ်ခဲ့မှာသေချာပါတယ်။ သရုပ်ဆောင်ကြေးကိစ္စ ဘယ်လိုဖြစ်တာလဲမေးတော့ သင်တန်းဖွင့်တဲ့ အတွက် ယူတာပါတဲ့။ အဲ့တာဆို ကျွန်တော်နဲ့ မဆိုင်ဘူး ဆိုတာလေး ဖြေရှင်းပေးပါ အားလုံးစိတ်ထဲမှာ ကျွန်တော် ဖွင့်တယ်လို့မြင်နေတယ်။ သရုပ်ဆောင် သင်တန်း နဲ့ ကျွန်တော်နဲ့ လုံး၀ မပတ်သက်ဘူးဆိုတာ ဖြေရှင်းပေးပါ ဆိုပြီး ပြောခဲ့တယ်။ သူမဖြေရှင်းခင် ကျွန်တော် ဖေ့ဘုတ်မှာ ဒီဇာတ်ကားကို ကျွန်တော် ဒါရိုက်တာအဖြစ် ရိုက်ကူးဖို့ တာဝန်ယူထားတယ် နောက် ဒိုင်လူကြီးအဖြစ် တာဝန်ယူထားတာကလွဲပြီး ကျန်တဲ့ ကိစ္စတွေ အားလုံး ကျွန်တော်နဲ့ မပတ်သက်ကြောင်း စရှင်းခဲ့ပါတယ်။ ကိုသွန်းနေစိုးကို ဒီသရုပ်ဆောင်သင်တန်းက ကျွန်တော်နဲ့ မဆိုင်ဘူးဆိုတာရယ် ငွေကိုးသိန်းက ကျွန်တော်နဲ့ မဆိုင်ဘူးဆိုတာရယ် ဖြေရှင်းပေးပါလို့ ထပ်ပြောပါတယ်။ လူအများက ဒီသင်တန်းကို ကျွန်တော် ဦးဆောင်ပြီး လုပ်နေတယ်လို့ပဲ မြင်နေကြတယ်။ လူရွေးချယ်ပွဲအထိ ကျွန်တော်က လုပ်နေတာလို့ အထင်ရောက်စေတဲ့အတွက် အဲ့တာက ကျွန်တော့အတွက် အဓိက ပြဿနာပါ။ မနက်ဖြန်လို လူရွေးပွဲလုပ်တော့မယ် ဆိုတဲ့အချိန်မှာ ဖုန်းဆက်လာပါတယ် ကိုညိုနဲ့မဆိုင်ဘူးဆိုတာ စာနယ်ဇင်းတွေကို အသိပေးလိုက်ပါပြီ ဖြေရှင်းပေးလိုက်ပါပြီဆိုပြီး ပြောပါတယ်။ ကျွန်တော့ဘက်က သူ့ကိုပြောခဲ့ပါတယ် စာနယ်ဇင်းတွေ မီဒီယာရှေ့မှာ ရုပ်ရှင်အစည်းအရုံးရှေ့မှာ ကျွန်တော် ယုံကြည်ရတဲ့သူ တစ်ယောက်ယောက် တာဝန်မခံသရွေ့ ဒီဇာတ်ကားကို မရိုက်နိုင်တော့ပါဘူး ရက် အကန့်အသတ်မရှိ ကျွန်တော့ဘက်က ရွှေ့ဆိုင်းလိုက်ပါတယ်လို့ ပြောလိုက်ပါတယ်။ သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် သူ့အနေနဲ့ တခြားဒါရိုက်တာနဲ့ ပြောင်းရိုက်မယ်ဆိုလဲ ရိုက်နိုင်ပါတယ်လို့ ပြောလိုက်ပါတယ်။ ဒီကိစ္စက ဖုန်းဆက်ပြီး အပြင်မှာ နှစ်ယောက်တည်း ဖြေရှင်းရမယ့် ပြဿနာမဟုတ်ပါဘူး။ ဒီပြဿနာက အများသိအောင် လုပ်ခဲ့တဲ့ ကိစ္စဖြစ်တဲ့ အတွက် အများရှေ့မှာ မြင်သာစွာပဲ ဖြေရှင်းသင့်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ရှေ့က တာဝန်ရှိသူတွေကော စာနယ်ဇင်းတွေ ပရိသတ်တွေရှေ့မှာ ပြောပါမယ် ကျွန်တော် ဒီနှင်းဆီစကားထာ ဇာတ်ကားကို လုံး၀ ရိုက်ကူးဖြစ်မှာ မဟုတ်တော့သလို အဲ့ဒီဇာတ်ကားကလည်း ကျွန်တော်နဲ့ မပတ်သက် တော့ပါဘူး။ နောက်နောင် ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ အရှုပ်အရှင်းတွေ ပြဿနာတွေ အားလုံး ကျွန်တော်နဲ့ လုံး၀ မသက်ဆိုင်တော့ပါဘူးလို့ ဒီနေရာက တရားဝင်ပြောပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန် ရှိသူများ အနေဖြင့် ထိုကိစ္စရပ်ကို မှားတယ်မှန်တယ် သုံးသပ်ပြီး ထိထိရောက်ရောက် အဖြေတစ်ခု ဖြစ်စေ ချင်ကြောင်း" အဆိုပါ စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုအဖြစ်အပျက်မျိုး ယခင်ကလည်း မန္တလေးတွင် ဒါရိုက်တာ မိုက်တီး နာမည်ဖြင့် တစ်ကြိမ်ဖြစ်ခဲ့ဖူးကြောင်း ထိုအချိန်ကလည်း မြဝတီရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးဖို့ အတွက် သရုပ်ဆောင်သစ်များ ခေါ်ယူခဲ့ကာ သရုပ်ဆောင် ဝါသနာပါသူများ အနေဖြင့် ငွေ ၇သိန်း ပေးသွင်းခဲ့ရပြီး ဖြစ်ချင်သည့် သရုပ်ဆောင် တစ်ယောက် မဖြစ်ခဲ့ရသည့် အဖြစ်အပျက်များလည်း ရှိကြောင်း စာနယ်ဇင်းရှင်လင်းပွဲတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် သရုပ်ဆောင်သစ်များက ယခုလိုပြောပြခဲ့သည်။

သရုပ်ဆောင်သစ် ထက်ရှိုင်းက "လွန်ခဲ့တဲ့ ၄လလောက်က မန္တလေးမှာ ကြော်ငြာလေး တစ်ခုစတွေ့ပါတယ်။ ဒါရိုက်တာ မိုက်တီးပုံနဲ့ ဖေဖော်ဝါရီလမှ မေလ အထိ ၄လကာလအတွင်း ဗီဒီယိုဇာတ်ကား၊ ဇာတ်လမ်းတို ၃ကား၊ ရုပ်မြင်ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးရန်နှင့် သရုပ်ဆောင်၊ Dancer သင်တန်းများ လေ့ကျင့် သင်ကြား ရန် ဆိုပြီး စတင်ခေါ်ယူခဲ့ပါတယ်။ ဦးမိုက်တီး ခေါင်းစဉ်နဲ့တွေ့တော့ ယုံကြည်ပြီး သွားလျှောက်တယ်။ အယောက် ၂၀ရွေးပါတယ်။ အဲ့ဒီအယောက် ၂၀ကို တစ်ယောက်ကို ၇သိန်းတောင်းပါတယ်။ တစ်ပတ်အကြာမှာ ဦးမိုက်တီး လာမယ် အထင်နဲ့ သင်တန်းကိုသွားခဲ့တယ်။ သင်တန်းရောက်သွားရင် သူပဲသင်ပါတယ်။ ဦးမိုက်တီးက နိုင်ငံခြားထွက်နေတယ် ဆိုပြီး အမျိုးမျိုးအကြောင်းပြတယ်။ ဦးမိုက်တီး နဲ့ ဇာတ်ကား ရိုက်ပေးမယ် ပြောပေမယ့် ဦးမိုက်တီးကို သင်တန်းပေးဖို့လောက်ပဲ ခေါ်လာတာဖြစ်ပြီး ဇာတ်ကားရိုက်ပေးဖို့ မဟုတ်ပါဘူး။ ဦးမိုက်ကို မေးတဲ့အခါမှာ ဦးမိုက်က သူကိုယ်တိုင်ဘာမှမသိဘူးဆိုတာ သိခဲ့ရပါတယ် အလိမ်ခံရပြီ ဆိုတာ သိလိုက်ရပါတယ်" ဟု ထိုစာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လတ်တလော ဖေ့ဘုတ်စာမျက်နှာတွင် ဖြစ်ပွားနေသည့် နှင်းဆီစကားထာ ရုပ်သံဇာတ်လမ်းတွဲနှင့် ပတ်သက်ပြီး ထွက်ပေါ်နေသည့် သတင်းများအပေါ် ထိုဇာတ်ကား၏ ဇာတ်လမ်း၊ ဇာတ်ညွှန်း ဖန်တီးသူ သွန်းနေစိုးကလည်း ဇွန်လ ၁၆ရက်တွင် စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲသေးသည်။

"ဘေလ်ဘုတ်မှာ ကြေညာထားတဲ့ အကြောင်းအရာက သင်တန်းသား၊ သင်တန်းသူများ ခေါ်ယူခြင်းပါ။ သရုပ်ဆောင်အသစ်ခေါ်တာမဟုတ်ပါဘူး။ သရုပ်ဆောင် တတ်ပြီးသားသူကို   ခေါ်ယူရိုက်ကူးခြင်းမဟုတ်ပါ။ သရုပ်ဆောင်တတ်ပြီးသားသူကို ရွေးချယ်ခြင်းမဟုတ်ပါဘူး။ ဟုတ်ပါတယ် အဲ့ဒီသင်တန်းအတွက် သင်တန်းကြေး ယူပါတယ်။ ဒါပေမယ့် သင်တန်းကြေးယူလို့ ဒီကလေးတွေကို ရွေးတာမဟုတ်ပါဘူး ။ မပါရတဲ့ ကလေးတွေရှိပါတယ်။ အဲ့ဒီကလေးတွေလည်း အရည်အချင်းရှိပါတယ်။ ရုပ်ရည် ၊ ဇာတ်ကောင်စရိုက် ၊ ရေရှည်လက်တွဲသွားလို့ရမယ့်အချက်တွေနဲ့ ရွေးပါတယ်။ ဒီကားရိုက်ဖို့ အတွက်ကို သင်တန်းတက်ရမယ် အဲ့ဒီသင်တန်းအတွက်ကို လည်း ဖြည့်စည်းမှုတွေ ရှိပါမယ်။ အဲ့ဒီအတွက်ကိုလည်း နဂိုကတည်းက ဒီကြေး ဒီကြေးပေးရမယ် ဆိုတာမျိုးကို သင်တန်းဝင်ခွင့်ဖောင်မှာ ပထမဆုံး နှစ်ရွက်မှာ အဲ့ဒီအကြောင်းတွေကို အသေးစိတ် ရှင်းပြထားပါတယ်။ ဒီကားအတွက်ကိုလည်း ပရိုဂျူဆာ ကျွန်တော်လုပ်မှာပါ။  ကျွန်တော် ထုတ်မှာပါ။ ဇာတ်ကားနဲ့ပတ်သက်ပြီး ထုတ်လုပ်ဖြန့်ချိခွင့် တရားဝင်ရထားတဲ့သူ တစ်ယောက်ကို တောင်းဆို ပြီး သူတို့ဆီက တဆင့်ထုတ်လုပ်ဖြန့်ချိမှာပါ။ ဒီဇာတ်ကားကို မြဝတီဒစ်ဂျစ်တယ်မှာ ပြသဖို့ စီစဉ်ထားပါတယ်" ဟုပြောကြားခဲ့သည်။

နှင်းဆီစကားထာ ရုပ်သံဇာတ်လမ်းတွဲကို မြဝတီ ဒစ်ဂျစ်တယ် ရုပ်သံလိုင်းတွင် ပြသမည်ဟု ထိုရုပ်သံ ဇာတ်လမ်းတွဲ၏ ဇာတ်လမ်း၊ ဇာတ်ညွှန်း သွန်းနေစိုးမှ ပြောကြားသော်လည်း လက်ရှိတွင် မြဝတီ ဒစ်ဂျစ်တယ် ရုပ်သံလိုင်း၌ ပြသရန် စီစဉ်ထားခြင်း မရှိသလို လာရောက် ညှိနှိုင်းတိုင်ပင်ခြင်းလည်း မရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly