နေပြည်တော်၊ ဇူလိုင် ၇ ။ ။ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆(ခ)တွင် အကျုံးဝင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း နှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် လွှတ်တော်နာယက သူရဦးရွှေမန်းအား “သမ္မတ ကြီးခင်ဗျား” ဟု အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က နှစ်ကြိမ်တိတိ မှားယွင်းခေါ်ဆိုခဲ့သည်။
ဇူလိုင် ၇ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သည့် ဖွ့ဲစည်းပုံအခြခံဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်းအား ဆွေးနွေးစဉ် ဦးဖုန်းမြင့်အောင်က မှားယွင်းခေါ်ဆို ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ မှားယွင်းရခြင်းမှာ သတ်မှတ်ပေးထားသည့်ဆွေးနွေးချိန်နှင့် ဆွေးနွေးလိုသည့်အကြောင်းအရာများ ကွက်တိဖြစ်အောင် ဆွေးနွေးရသောကြောင့်ဟု လွှတ်တော်အစည်းအဝေးအပြီး ဦးဖုန်းမြင့်အောင်က ပြောသည်။
“နာရီကိုကြည့်ရတာကိုး၊ နာရီကြည့်ပြီးပြောနေတာလေ၊ သိတယ်မလား။ ကိုယ်ကတော့ တစ်ကယ်မှားတာ၊ အဲ့ဒါတော့ မတတ်နိုင် ဘူး” ဟု ၎င်းက ပြောသည်။
ယင်းသို့ မှားယွင်းခေါ်ဆိုမှုအပေါ် ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သူ သူရဦးရွှေမန်းက တစ်စုံတစ်ရာ သတိပေးပြောဆိုမှု မရှိဘဲ လွှတ်တော်စင်မြင့်ပေါ်ရှိ နာယကထိုင်ခုံပေါ်တွင် ပြုံးစိစိဖြစ်နေသည်ကို တွေ့ရသည်။
ဦးဖုန်းမြင့်အောင်၏ ဆွေးနွေးမှုအပြီးတွင် သူရဦးရွှေမန်းက “အခုလိုဆွေးနွေးလိုက်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များ ရဲ့ စေတနာနဲ့ အရည်အချင်းတွေလည်း ကွက်ကွက်ကွင်းကွင်းလေ့လာသုံသပ်လို့ ရကြပါတယ်။
စေတနာကောင်းသလို အရည်းအချင်းရှိဖို့လည်း လိုပါတယ်။ ဒါ့ကြောင့် ဒီလိုဆွေးနွေးမှုတွေက ကျွန်တော်တို့ လွှတ်တော်အတွက်၊ ကျွန်တော်တို့ နိုင်ငံအတွက် များစွာ အကျိုးရှိပါတယ်” ဟု ပြောဆိုခဲ့သည်။
ဦးဖုန်းမြင့်အောင်အပါအဝင် လွှတ်တော်အမတ်ဦးရေ ၆၀ကျော်ဆွေးနွေးသည့် ဖွဲ့စည်းပုံအခြခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သည့် ဖွ့ဲစည်းပုံအခြခံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ဇူလိုင် ၈ရက်တွင်ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်မည်ဟု သူရဦးရွှေမန်းက ကြေငြာထားသည်။