BDS လှုပ်ရှားမှုမှာ အစ္စရေးကို အထီးကျန်အောင်လုပ်နေဟု ဒီမိုကရတ် သမ္မတလောင်း ဟီလာရီ ကလင်တန်ပြောကြား

BDS လှုပ်ရှားမှုမှာ အစ္စရေးကို အထီးကျန်အောင်လုပ်နေဟု ဒီမိုကရတ် သမ္မတလောင်း ဟီလာရီ ကလင်တန်ပြောကြား

ဝါရှင်တန်၊ ဇူလိုင်-၇ ။  ။ အလားအလာရှိသည့် ဒီမိုကရက်သမ္မတလောင်း ဟီလာရီ ကလင်တန်က အမေရိကန်ပြည်ထောင်စုတွင် အစ္စရေး ဆန့်ကျင်ရေး လှုပ်ရှားမှုများ မြင့်တက်လာနေမှုအပေါ် ပြစ်တင်ရှုတ် ချလိုက်ပြီး၊ သပိတ်မှောက်၊ ရင်းနှီးမြှုပ်နှံမှုလျှော့၊ ဒဏ်ခတ်ပိတ်ဆို့ (BDS)လှုပ်ရှားမှုမှာ အစ္စရေးကို ဥပဒေပြင်ပရောက် အထီးကျန်စေလိုသည့် ဆန္ဒရှိနေကြောင်းလည်း ပြောကြား ခဲ့သည်။

ဒီမိုကရတ်အလှူရှင် ဟိမ်း ဆဘန်နှင့် ဂျူးအသင်းအဖွဲ့ခေါင်းဆောင်များသို့ ပေးပို့သည့် စာတစ်စောင်တွင် အစ္စရေးဆန့်ကျင်ရေး လှုပ်ရှားမှုကို တိုက်ဖျက်ရေး အကြံပေးရန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်က တောင်းဆိုခဲ့သည်။

 ‘BDSကို ဦးစားပေးအနေနဲ့ ကျွန်မတို့ တုန့်ပြန်ဖို့လိုအပ်တယ်ဆိုတာ ရှင်တို့ သဘောတူမယ်လို့ ကျွန်မသိပါတယ်။ အစ္စရေးကို ဥပဒေပြင်ပရောက် အထီးကျန်စေမယ့် နောက်ထပ်ကြိုးစားမှုတွေကို ဆန့်ကျင်တိုက်ဖျက်ပစ်ဖို့ လိုအပ်ပါတယ်’ဟု သူမကရေးသား ခဲ့သည်။

‘BDS က အစ္စရေးကို အပြစ်ပေးဖို့နဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းဟာ သူတို့ပဋိပက္ခရဲ့ အဓိကကျတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်း သင့်တယ်ဆိုတာ အမိန့်ပေးဖို့ ကြိုးစားနေတာပါ’’ဟု သူမက ပြောကြားခဲ့သည်။

ယခင်သမ္မတကတော်ဟောင်းဖြစ်သည့် ကလင်တန်က လှုပ်ရှားမှုမှာ အဖျက်အမှောင့်လုပ်ရပ်တစ်ခုသာ ဖြစ်သည် ဟုလည်း ဖော်ပြခဲ့သည်။ ‘BDS လှုပ်ရှားမှုဟာ ငြိမ်းချမ်းရေးနဲ့ ဖီလာဆန့်ကျင်နေတဲ့ အဖျက်အမှောင့် လုပ်ရပ်တစ်ခုဖြစ်ပြီး၊ အစ္စရေးကိုရော၊ ပါလက်စတိုင်းကိုပါ ထိခိုက်စေတယ်ဆိုတာကို ရှင်းပြတဲ့နေရာမှယာ ကွန်ဂရက်နဲ့ ဥပဒေပြုအမတ်တွေကနေ ဘုတ်အဖွဲ့အခန်းတွေ စာသန်ခန်းတွေအထိ နိုင်ငံရေးသဘောတရားအမြင်တွေကို ထည့်မတွက်ဘဲ ယုံကြည်မှုရှိ သူတိုင်း နဲ့ စေ့စပ်ဖို့ လိုအပ်ပါတယ်’ဟု သူမက ပြောကြားခဲ့သည်။  

၂၀၁၅ခုနှစ်တွင် စတင်ခဲ့သည့် BDS လှုပ်ရှားမှုက တက္ကသိုလ်နှင့် ဘုရားကျောင်းများကဲ့သို့သော အသင်းအဖွဲ့များကို ပါလက် စတိုင်းတို့၏ အခြေခံအခွင့်အရေးများကို အသိအမှတ်မပြုသေးမီအထိ အစ္စရေးတွင် ရင်းနှီးမြှုပ်နှံမှုမလုပ်ရန် တိုက်တွန်းသည်။

ဤသပိတ်မှောက်လှုပ်ရှားမှုက နိုင်ငံတကာဥပဒေကို မလိုက်နာမချင်း အစ္စရေးကို ပုံစံအများမျိုးဖြင် ဆန့်ကျင်သပိတ်မှောက်ကြ ရန် တောင်းဆိုသည်။ ၂၀၁၃ခုနှစ်တွင် အမေရိကန်ပညာရှင်အုပ်စု နှစ်စုဖြစ်သည့် American Studies Association နှင့် Association for Asian American Studeis တို့က သပိတ်မှောက်မှုကို ထောက်ခံခဲ့ကြသည်။

ဤလှုပ်ရှားမှုမှာ ပြီးခဲ့သည့် ရက်သတ္တပတ်က အမေရိကန်တွင် အကြီးဆုံး ပရိုတက်စတင့် ဘုရားကျောင်း၏ ထောက်ခံမှုကိုလည်း ရရှိထားသည်။ နိုင်ငံခြားရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် ဒီမိုကရတ်သမ္မတလောင်း ကလင်တန်ကမူ နောက်နှစ်တွင် သမ္မတ အဖြစ် ရွေးကောက်ခံရပါက အစ္စရေးကို အပြည့်အဝထောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

‘အမေရိကဟာ အစ္စရေးအတွက် ရပ်ခံပေးသွားမယ်ဆိုတာကို ကျွန်မ တစ်ချိန်လုံး ပြောခဲ့ပြီးပါပြီ။ ဒါသည်ပင် သမ္မတတစ်ယောက် အနေနဲ့ ကျွန်မလုပ်သွားမယ့် အလုပ်ပါပဲ’’ဟု ကလင်တန်က သူမ၏ စာထဲတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly