ပလောင်တပ်၊ ကိုးကန့်တပ် နှင့် ရခိုင်တပ်တို့ကို ၂၁ရာစု ပင်လုံညီလာခံ အစိုးရမဖိတ်သေး

ပလောင်တပ်၊ ကိုးကန့်တပ် နှင့် ရခိုင်တပ်တို့ကို ၂၁ရာစု ပင်လုံညီလာခံ အစိုးရမဖိတ်သေး
အစိုးရ၏ ကိုယ်စားလှယ် ပည်ထောာင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်း။ (ဓာတ်ပုံ-Hla Maung Shwe facebook)

ချင်းမိုင်၊ ဇွန် ၁၁ ။           ။ ၂၁ရာစု ပင်လုံညီလာခံတက်ရောက်ရန် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (ကိုးကန့်တပ်ဖွဲ့)-MNDAA နှင့် ရက္ခိုင်တပ်မတော်(AA)တို့ကို အစိုးရမှ တရားဝင် ဖိတ်ခေါ်ခြင်း မရှိသေးသော်လည်း ယင်းလက်နက်ကိုင်အဖွဲ့တို့က တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိနေကြောင်း PSLF/TNLA ဥက္ကဌ မိုင်အိုက်ဘုန်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ အဖွဲ့ဝင်များကို ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရန် အစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး၍ ဖိတ်ခေါ်ခဲ့သော်လည်း ယင်း ၃ ဖွဲ့ကိုမူ ယခုထိ တရားဝင် ဖိတ်ခေါ်ခြင်း မရှိသေးခြင်း ဖြစ်သည်။

“ကျနော်တို့ကတော့ တွေ့ဆုံဆွေးနွေးရေးကိုတော့ ကြိုဆိုတယ်။ ကျနော်တို့ဘက်ကို တရားဝင် သူတို့ ကမ်းလှမ်းပြီးတော့ တွေ့ဖို့ မရှိသေးဘူး။ ကြားကလူကို ညှိနှိုင်းပြီးတော့ တွေ့မယ်။ အချိန်တွေ ညှိနေတာပေါ့လေ။ တိုက်ရိုက်ဖုန်းဆက်ပြီးတော့ ပြောဆိုတာတော့ မရှိသေးဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

PSLF/TNLA အနေဖြင့် အစိုးရဘက်မှ တွေ့ဆုံဆွေးနွေးမည် ဆိုပါက တရုတ်-မြန်မာနယ်စပ် တစ်နေရာတွင် တွေ့ဆုံ ဆွေးနွေးလိုကြောင်းနှင့် မဟာမိတ်တပ်များဖြစ်သော မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(ကိုးကန့်တပ်ဖွဲ့)-MNDAA နှင့် ရက္ခိုင်တပ်မတော်(AA)တို့နှင့်အတူ တပြိုင်နက် တွေ့ဆုံဆွေးနွေးလိုကြောင်း မိုင်အိုက်ဘုန်းက ပြောသည်။

“ကျနော်တို့ ဒီအဖွဲ့ကတော့ မဟာမိတ်ဖြစ်တယ်။ တပြိုင်နက်တွေ့ချင်တယ်။ အဲဒီလိုတော့ ပြောထားတာပေါ့လေ။ ဝ နဲ့တွေ့လည်း ပြဿနာ မရှိပါဘူး။ ဘယ်သူနဲ့ပဲပေါင်းတွေ့တွေ့ပေါ့လေ။ အဆင်ပြေပါတယ်။ တကယ်လို့ တွေ့နိုင်မယ်ဆိုရင်တော့ ကျနော်တို့ အတွက်က ဝ မှာ တွေ့တာက ပိုကောင်းတာပေါ့လေ။ ကျနော်တို့ သွားလာတာ အဆင်ပြေတာပေါ့”ဟု သူက ပြောသည်။

မကြာမီ ရက်ပိုင်းအတွင်း ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)နှင့် အစိုးရ ကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးရန် အစိုးရ ကိုယ်စားလှယ်များနှင့် နှစ်ဖက် သဘောတူညီမှု ရရှိထားသော်လည်း ရာသီဥတုကြောင့် တွေ့ဆုံမည့် နေရာနှင့် အချိန် ညှိနှိုင်းနေရဆဲ ဖြစ်သည်ဟု သိရသည်။

အစိုးရဘက်မှ AA တပ်ဖွဲ့ကိုလည်း ၂၁ ရာစုညီလာခံ တက်ရောက်ရေးနှင့်ပတ်သက်၍ ဖိတ်ကြားခြင်း မရှိသေးဘဲ နှစ်ဖက် တွေ့ဆုံနိုင်ရေးအတွက် ဗဟိုဌာနချုပ်နှင့် ညှိနှိုင်းမှုများတော့ ရှိနေသည်ဟု AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက မဇ္ဈိမကို ပြောသည်။

“အရင်အပတ်က ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ကော်မတီကနေ တွေ့ဖို့အတွက် ညှိနေကြတာတော့ ရှိတယ်။ ဒါပေမဲ့ ခုထက်ထိ တွေ့ဆုံဖို့ ကိစ္စက မဖြစ်နိုင်သေးဘူး။ ညီလာခံ တက်ဖို့လည်း ဖိတ်တာ မရှိသေးဘူး”ဟု သူက ပြောသည်။

ဇွန်လ ၃ ရက်က ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ပြည်ထောာင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိစဉ် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သော်လည်း PSLF မှ ကိုယ်စားလှယ်များ မရှိသဖြင့် တွေ့ဆုံခြင်း မရှိခဲ့ခြင်း ဖြစ်ကြောင်း မိုင်အိုက်ဘုန်းက ပြောသည်။

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း အဆိုပါ မဟာမိတ် ၃ ဖွဲ့မှ တွေ့ဆုံဆွေးနွေးရန် ကြိုဆိုကြောင်း အဆင် သင့်ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သော်လည်း အစိုးရအနေဖြင့် ၎င်းတို့အဖွဲ့အား တမင် ချန်ထားခဲ့ခြင်းသာ ဖြစ်သည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် မေလက နေပြည်တော်တွင် တပ်မတော်၏ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက PSLF/TNLA,MNDAA, AA တို့ကို ငြိမ်းချမ်းရေးဆွေးနွေးမည် မဟုတ်ဘဲ လက်နက် စွန့်ရမည်ဟု ပြောဆိုခဲ့သည်။

AA နှင့် TNLA တို့သည် မြန်မာ့တပ်မတော်နှင့် မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပြီး MNDAA နှင့်လည်း စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။ အလားတူ အဆိုပါ အဖွဲ့ ၃ ဖွဲ့သည် UNFC တပ်ပေါင်းစု၏ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် စာတင်ထားမှုအပေါ် လာမည့် သြဂုတ်လတွင် ကျင်းပမည့် UNFC ညီလာခံတွင် ဆုံးဖြတ်ချက် ချမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags