မွန်ပြည်သစ်ပါတီက မွန်တမျိုးသားလုံးဆိုင်ရာ အစည်းအဝေး ကျင်းပရန် ပြင်ဆင်နေ

မွန်ပြည်သစ်ပါတီက မွန်တမျိုးသားလုံးဆိုင်ရာ အစည်းအဝေး ကျင်းပရန် ပြင်ဆင်နေ

ချင်းမိုင်(မဇ္ဈိမ) ဇွန်လ ၁၁ ။          ။ အစိုးရသစ်က ၂၁ ရာစုပင်လုံ ညီလာခံ ခေါ်ယူရန် ပြင်ဆင်နေချိန် မွန်နိုင်ငံရေးပါတီများ၊ မွန်လူမှုအခြေပြု အဖွဲ့အစည်းများ၊ မွန်လက်နက်ကိုင်အဖွဲ့များ အားလုံး စည်းလုံးညီညွတ်၍ ဘုံသဘောတူညီမှု ချမှတ်နိုင်ရန် မွန်ပြည်သစ်ပါတီ(NMSP) အနေဖြင့် မွန်တစ်မျိုးသားလုံးဆိုင်ရာ အစည်းအဝေး တစ်ရပ် မကြာမီ ကျင်းပရန် စီစဉ်နေသည်ဟု သိရသည်။

မွန်လူမျိုးစုအတွင်း အမျိုးသားသွေးစည်းညီညွတ်ရေး တည်ဆောက်နိုင်ရန်နှင့် ဘုံသဘောတူညီမှု တစ်ခု ရရှိရန် အဓိက ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

 “အဓိကက ဒီကနေ့ နိုင်ငံရေးအခြေအနေမှာ မိမိမွန်အမျိုးသားတွေအတွက် အကောင်းဆုံးနဲ့ မိမိတို့ လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန် ရရှိဖို့နဲ့ ပြည့်ပြည့်စုံစုံ ရရှိနိုင်ဖို့အတွက်က မိမိတို့အမျိုးသားအတွင်းမှာ ညီညွတ်ဖို့ လိုတယ်။ တချို့ကိစ္စတွေမှာ ရပ်တည်ချက်တွေ တူညီဖို့ လိုတယ်။ အဲဒါတွေ ညှိနှိုင်းတိုင်ပင်ဖို့ပါ”ဟု မဇ္ဈိမကို ပြောသည်။

ယင်းအစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် အစိုးရက ပြင်ဆင်နေသည့် ၂၁ ရာစုပင်လုံ ညီလာခံနှင့် ပတ်သက်၍လည်း ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

“အန်ကယ်တို့ ညှိနှိုင်းတဲ့အခါကြရင် မွန်အမျိုးသားထုအတွင်းမှာ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေနဲ့ တစ်စုတစည်းတည်း ဖြစ်ဖို့ ကိစ္စလည်းပါမှာပါ”ဟု သူက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရက မကြာမီ ကျင်းပရန် ပြင်ဆင်နေသော ၂၁ ရာစု ပင်လုံ ညီလာခံတွင် မွန်အမျိုးသားရေးနှင့်ပတ်သက်၍ တင်ပြနိုင်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်ဟု သိရသည်။

အစိုးရသစ်တက်လာပြီးနောက် မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဌ နိုင်ဟံသာ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ရင်းနှီးမှု တည်ဆောက်သည့်အနေဖြင့် ပြီးခဲ့သည့် မေလက တွေ့ဆုံခဲ့သည်ဟု သူက ဆိုသည်။

ယခင်နှစ်များတွင် မွန်ရေးရာအဖွဲ့ချုပ် (MAU) ဦးဆောင်၍ မွန်တစ်မျိုးသားလုံးဆိုင်ရာ အစည်းအဝေးကို ၂ နှစ်လျှင် တစ်ကြိမ် ကျင်းပခဲ့ရာမှ ယခုနှစ်တွင်မူ မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပသွားရန် ညှိနှိုင်းနေသည်ဟု နိုင်ဟံသာက ပြောသည်။

MAU ကို ၂၀၀၂ ခုနှစ်က မွန်ပြည်သစ်ပါတီ အပါအဝင် ပြည်တွင်းရှိ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ တတ်သိပညာရှင်များ၊ ထိုင်းမွန်အဖွဲ့အစည်းများ၊ ထိုင်း-မြန်မာနယ်စပ်ရှိ မွန်လူမှုအခြေပြု အဖွဲ့အစည်းများနှင့် နိုင်ငံတကာ မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(OMCC)တို့ ပါဝင် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

လက်ရှိ အစိုးရ ကိုယ်စားလှယ်များက ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ဖိတ်ခေါ်မှုများ ပြုလုပ်ပြီးနောက် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ပင်လုံ ညီလခံ တက်ရောက်ရန် ထောက်ခံမှုများ ရှိနေပြီး ပင်လုံစာချုပ်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။

အစိုးရသစ်မှ ဖွဲ့စည်းလိုက်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော အဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများဆုံးပါဝင်သော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) ကိုယ်စားလှယ်များနှင့် ဇွန်လ ၃ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ်ကလည်း ၂၁ ရာစုပင်လုံ ညီလာခံသို့ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်။

ထို့နောက် ဇွန်လ ၇ ရက်နှင့် ၈ ရက်များတွင်လည်း ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်နှင့် ပါတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့(KNO )၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP ) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့မှ ခေါင်းဆောင်များက ပင်လုံဆိုင်ရာညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly