တောင်ကြီးမြို့တွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ထပ်မံကျင်းပမည့် အဆိုတော် တင်ဇာမော်

တောင်ကြီးမြို့တွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ထပ်မံကျင်းပမည့် အဆိုတော် တင်ဇာမော်

ရန်ကုန် ၊ ဇွန် ၆ ။               ။ အဆိုတော် တင်ဇာမော်၏ တတိယအကြိမ်မြောက် ကျင်းပပြုလုပ်မည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဇွန်လ ၁၈ ရက်တွင် တောင်ကြီးမြို့ရှိ အဝေရာကွင်း၌ ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး တေးသီချင်းအပုဒ် ၃၀ ဖြင့် ပရိသတ် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်သည်။

အဆိုတော် တင်ဇာမော်၏ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် တစ်ကိုယ်တော်ဖျော်ဖြေပွဲ အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဇွန်လ ၆ရက်တွင် ရန်ကုန်မြို့ရှိ Central Hotel၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုတော် တင်ဇာမော်က " တောင်ကြီးက ဒေသခံတွေက ပွဲကို စီစဉ်ပေးကြတာပါ။ အကောင်းဆုံးဖြစ်အောင် ကြိုးစားတင်ဆက်မယ်။ တောင်ကြီးနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ အမရဲ့ အမာခံပရိသတ်တွေ အမသီချင်းကို နားထောင်ချင်ကြတဲ့ ပရိသတ်တွေ ချစ်တဲ့သူငယ်ချင်းတွေ ဆွေမျိုးတွေ တက်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ထားတယ်။" ဟု ပြောသည်။

အဆိုတော်တင်ဇာမော်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် Plus Three Band မှ တီးခတ်ပေးမည်ဖြစ်ပြီး အဆိုတော် တင်ဇာမော်နှင့်အတူ စည်သူလွင် ၊ ချောစုခင် ၊ ဟန်ထွန်းတို့မှလည်း စုံတွဲသီချင်းများဖြင့် ဖျော်ဖြေမည်ဖြစ်သည်။

တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် လက်မှတ်ဈေးနှုန်းများကို တစ်စောင်လျှင် ကျပ် ၃သောင်း ၊ ၂သောင်း ၊ ၁သောင်း သတ်မှတ်ထားပြီး လက်မှတ်များကို ရန်ကုန် ၊ မန္တလေး နှင့် တောင်ကြီးတို့တွင် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

တောင်ကြီးမြို့ရှိ အဝေရာကွင်း၌ ကျင်းပပြုလုပ်မည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲသည် အဆိုတော် တင်ဇာမော်၏ တတိယအကြိမ်ပြုလုပ်သည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲဖြစ်ပြီး ယခုနှစ်ထဲတွင် ရန်ကုန်နှင့် မန္တလေးမြို့ တို့တွင်လည်း ကျင်းပ ပြုလုပ်ခဲ့သေးသည်။

တောင်ကြီးမြို့တွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲကျင်းပ ပြုလုပ်ပြီးပါက မိသားစုရှိရာ အင်္ဂလန်သို့ ခတ္တအလည်ပြန်မည်ဖြစ်ပြီး သြဂုတ်လထဲတွင် မြန်မာနိုင်ငံသို့ ထပ်မံပြန်လာရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly