မြဝတီတွင်ပြနေသည့် Let's Go (ခရီးသွား)ပရိုဂရမ်ကို Mntv ရုပ်သံလိုင်း၌ ပြောင်းလဲပြသမည်

မြဝတီတွင်ပြနေသည့် Let's Go (ခရီးသွား)ပရိုဂရမ်ကို Mntv ရုပ်သံလိုင်း၌ ပြောင်းလဲပြသမည်

ရန်ကုန်၊ ဇွန် ၄ ။            ။ Myanmar Media 7 မှ စီစဉ်ပြီး အဆိုတော်များ ပါဝင်ထားကြသည့် Let's Go (ခရီးသွား)ပရိုဂရမ်ကို ယခင်က မြဝတီရုပ်မြင်သံကြားတွင် ပြသနေရာမှ ယခုအခါတွင် Mntv ရုပ်သံလိုင်း၌ ဇူလိုင်လမှ စတင်ပြီး ပြောင်းလဲပြသ သွားမည် ဖြစ်သည်။

Let's Go (ခရီးသွား)ပရိုဂရမ်သည် ယခုနှစ်တွင် ၃နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး ၃နှစ်ပြည့် အမှတ်တရအနေဖြင့်  ဥရောပခရီးစဉ်အဖြစ် ဆွစ်ဇာလန်၊ ပြင်သစ်၊ စပိန်၊ နယ်သာလန်၊ အီတလီ၊ ဘယ်ဂျီယံ စသည့် နိုင်ငံ ၆ နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

ထို ပရိုဂရမ်သည် ပြည်တွင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်ပြီး ၎င်းမြို့များ၏ အထင်ကရနေရာများ၊ ယဉ်ကျေးမှုများ အမွေအနှစ်များအကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားသည့် ပရိုဂရမ် တစ်ခု ဖြစ်သည်။

Myanmar Media 7 မှ ဥက္ကဌ ကိုဝေမင်းမောင်က "Let's Go (ခရီးသွား)ပရိုဂရမ်က ဒီနှစ်ဆို ၃နှစ်ပြည့်ပြီ။ ၃နှစ်ပြည့် အထူးအစီအစဉ်အနေနဲ့ ဥရောပနိုင်ငံမှာ သွားရိုက်မှာပါ။ Mntv ချန်နယ်မှာ ပြဖြစ်တာကတော့ သူတို့လည်း စိတ်ဝင်စားတယ် အကိုတို့ကလည်း Mntv မှာပြဖို့ စကားပြောတဲ့အချိန်မှာ သဘောတူတာနဲ့ ပြဖြစ်သွားတာပါ" ဟု ပြောသည်။

ဥရောပနိုင်ငံတွေ ဖြစ်သည့် ဆွစ်ဇာလန်၊ ပြင်သစ်၊ စပိန်၊နယ်သာလန်၊ အီတလီ၊ ဘယ်ဂျီယံ စသည့် နိုင်ငံ ၆ နိုင်ငံရှိ အထင်ကရနေရာများတွင် သွားရောက်ရိုက်ကူးမည်  ဖြစ်သလို   လေးနှစ်တစ်ကြိမ်ကျင်းပ ပြုလုပ်သည့် ဥရောပဘော်လုံးပြိုင်ပွဲ ကိုလည်း သွားရောက်ရိုက်ကူးမည် ဖြစ်သည်။  

ထို ပရိုဂရမ်ကို ဒါရိုက်တာ ဝင်းလွင်ထက် မှ ရိုက်ကူး ပုံဖော် ခြင်း ဖြစ်ပြီး သရုပ်ဆောင်များ အဖြစ် အဆိုတော် ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ နန်းမြတ်ဖြိုးသင်း၊ Bobby Soxer၊ နန်းသူဇာတို့ ပါဝင် သရုပ်ဆောင် ထားသည်။

Let's Go ပရိုဂရမ်အဖွဲ့သားများသည် ဇွန်လ ၆ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဥရောပနိုင်ငံသို့ ထွက်ခွာမည် ဖြစ်ပြီး ဇွန်လ ၂၅ရက်အထိ သွားရောက်ရိုက်ကူးကြမည် ဖြစ်သည်။ ဥရောပနိုင်ငံတွင် သွားရောက် ရိုက်ကူးထားသည့် Let's Go ပရိုဂရမ်ကို ဇူလိုင်လ ၂ရက်မှစတင်ပြီး အပတ်စဉ် စနေနေ့တိုင်း ည ၇နာရီ ၂၀မိနစ်တွင် ပြမည်ဖြစ်ပြီး Channel 9 မှာတော့ ဗုဒ္ဓဟူးနေ့တိုင်း နေ့လည် ၂နာရီတွင် ပြန်လည် ပြသမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly