ဒဂုံစီးတီးစီမံကိန်း ဖျက်သိမ်းရန် အစိုးရမှ တရားဝင် အသိပေးစာ ထုတ်ပြန်ပေးခြင်းမရှိပါက ဆန္ဒထုတ်ဖော််မည်

ဒဂုံစီးတီးစီမံကိန်း ဖျက်သိမ်းရန် အစိုးရမှ တရားဝင် အသိပေးစာ ထုတ်ပြန်ပေးခြင်းမရှိပါက ဆန္ဒထုတ်ဖော််မည်
ရွှေတိဂုံစေတီ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၆ရက်က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် နှင့် မြောက်ဘက်မုခ်ကြားရှိ မင်္ဂလာမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပစဉ်။ (ဓာတ်ပုံ-ထက်ထက်အောင်)

ရန်ကုန် ဇူလိုင် ၆ ။      ။ ရွှေတိဂုံကုန်းတော်အနီးရှိ စီမံကိန်း ၅ ခုပါဝင်သာ ဒဂုံစီးတီး စီမံကိန်းအတွက် အစိုးရမှ ဆုံးဖြတ်ချက်ကို ဇွန်လကုန်တွင် တရားဝင်အသိပေးစာ ပေးပို့သွားမည် ဆိုသော်လည်း ယခုတိုင်တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်း မရှိ၍ လူထု ဆန္ဒဖော်ထုတ်ပွဲပြုလုပ်သွားမည်ဟု ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဆရာတော် ဦးပါမောက္ခက  ဇူလိုင် ၆ရက်က ပြုလုပ်သည့်  ရွှေတိဂုံစေတီတော် ကာကွယ်ရေး စတုတ္ထအကြိမ်မြောက် အစည်းအဝေး တွင် ပြောကြားလိုက်သည်။

Dagon City One အပါအဝင် စီမံကိန်း ၅ ခုလုံးကို ၁၅ရက်အတွင်း လုံးဝရပ်ဆိုင်းပေးမည်ဟု ရန်ကုန်တိုင်း နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနှင့် တိုင်းစစ်ဌာနမှုး ဗိုလ်ချုပ်ထွန်းထွန်းနောင်တို့က ရွှေတိဂုံစေတီ ကာကွယ်စောင့်ရှောက်ရေး ကော်မတီနှင့် တွေ့ဆုံကာ ဇွန်လ ၂၀ရက်က ကတိပြုထားခဲ့ပြီး ဇူလိုင် ၆ရက် အထိ လုပ်ဆောင်ပေးခြင်းမရှိ၍ ယင်းသို့ ဆုံးဖြတ်ရခြင်းဖြစ်သည်ဟုလည်း ဦးပါမောက္ခကဆိုသည်။

ဦးပါမောက္ခက “ဆန္ဒပြပွဲအတွက် ၁၉ရက်နေ့မှာ အကြို ညှိနှိုင်းမှုလုပ်မယ်၊ ဒီမတိုင်ခင်မှာ အစိုးရဘက်က စီမံကိန်း ၅ခုလုံးကို လုံးဝရပ်ဆိုင်းပေးမယ်လို့ ညှိနှိုင်းမှုပြုလုပ်လာရင်တော့ ဘုန်းကြီးတို့ဘက်က ဒီလှုပ်ရှားမှုကို ရပ်တန့်ပေးမယ်၊ ဆန္ဒပြပြီးတဲ့ အထိတောင် ဘာမှလုပ်ဆောင်ပေးမှု မရှိသေးရင်တော့ အစိုးရကို တရားစွဲဆိုတာကနေ ဆိုဆုံးမလို့မရတဲ့ သာသနာကို စော်ကားတဲ့မင်းပဲဆိုပြီး အမြင့်ဆုံးအဆင့် သပိတ်မှောက် သတ္တနိက္ကသန္န ကံဆောင်ပြီးတော့ ဘုန်ကြီးတို့က လုပ်သွားမယ်။” ဟု ဆိုသည်။

ယင်းသို့ သတ္တနိက္ကုသန္နကံဆောင်ပါက အစိုးရဘက်မှ ဖမ်းဆီးမှုများ နှင့် စောင့်ကြည့်မှုများ ခံရမည်ဖြစ်သော်လည်း သာသနာတော်အတွက် ဆက်လက်လုပ်ဆောင်သွားမည် ဟုလည်း  ဦးပါမောက္ခကဆိုသည်။

ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးကော်မတီကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၊ ဝံသာနုရက္ခိတအဖွဲ့ စသည့် ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်း ၇၀ခန့်မှ လူပုဂ္ဂိုလ်နှင့် သံဃာ စုစုပေါင်း အင်အား ၁၀၀ ခန့်ဖြင့် ဇွန်လ ၇ရက်က ဖွဲ့စည်းခဲ့ပြီး Dagon City One အပါအဝင် စီမံကိန်းများ ရပ်ဆိုင်းရေး အတွက် စည်းရုံးလှုပ်ရှားမှုများကို ပြုလုပ်မည်ဟု ကြေငြာ ခဲ့သည်။

ယင်းသို့ ကြေငြာအပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း နှင့် ပြည်ခိုင်ဖြိုးပါတီတို့ကလည်း ရွှေတိဂုံစေတီတော် တည်တံရေးအတွက် ရဟန်းရှင်လူ၊ ပြည်သူအားလုံးနှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဟု တစ်ပြိုင်နက် ထုတ်ပြန်ခဲ့ကြသည်။

ရွှေတိဂုံစေတီ ကာကွယ် စောင့်ရှောက်ရေး ကော်မတီမှ ဥပဒေအကြံပေး အထက်တန်းရှေ့နေ ဦးဖိုးဖြူက “ဒဂုံစီးတီး စီမံကိန်း က ရွှေတိဂုံတည်ရှိရေးနဲ့ သိင်္ဂုတ္တရကုန်းတော် ရေရှည်တည်တံ့ရေးကို အန္တရာယ်ပြုနေတယ်၊ ဒါ့ဟာ တပ်ပိုင်မြေပေါ်မှာ ဆောင် ရွက်နေတာဖြစ်လို့ ကာကွယ်ရေးဦးစီးချုပ်မှာသာ တာဝန်အရှိဆုံးဖြစ်နေတယ်၊ ဒါကြောင့် နိုင်ငံသားတွေက နိုင်ငံသားအခွင့် အရေးဖြစ်တဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းကာကွယ်ရေး အတွက် တပ်မတော်လုပ်ငန်းဆောင်တာများ ဥပဒေ ပုဒ်မ ၄၁အရ တပ်က တာဝန်အရှိဆုံးပုဂ္ဂိုလိကို တရားစွဲမယ့်အကြောင်းတစ်လကြိုတင်အကြောင်းကြားပြီး တရားစွဲဆိုခွင့်ရှိတယ်”ဟုဆိုသည်။

ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံ၏ အမြင့်ဆုံးသော တရားစီရင်ရေးအာဏာပိုင်ဖြစ်သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ နိုင်ငံသားတို့၏ အခွင့်အရေးတစ်စုံတစ်ရာကို ထိခိုက်စေသော၊ နိုင်ငံသားတို့၏ လွတ်လပ်ခွင့်ကို ထိခိုက်စေသော အဆိုပါစီမံကိန်းကို ဖျက်သိမ်းရန် တားမြစ် စာချွန်တော်ထုတ်ပေးရန် လျှောက်ထားခွင့်ရှိပြီး  ထာဝရ တားဝရမ်းတောင်းဆိုသင့်သည်ဟုလည်း  ဦးဖိုးဖြူကဆိုသည်။

လက်ရှိတွင် ဒဂုံစီးတီးစီမံကိန်း၅ခုအနက်  ဒဂုံစီးတီး-ဝမ်းကိုသာဆောက်လုပ်မှုများ စတင်ရသေးပြီးယင်းနှင့် ပတ်သက်သည့် ရပ်ဆိုင်းမှု ရှိမရှိဆိုသော အစီအစဉ်များကို မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ တရားဝင် ကြေငြာချက်ကို မရရှိသေးဘဲ Dagon City One အပါအဝင် စီမံကိန်း ၅ ခုလုံး၏ integrated master plan အား သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများမှ နောက်ဆုံး အဆင့်အနေဖြင့် ကြည့်ရှုစစ်ဆေးနေသည်ဟု Marga Landmark ဇွန် ၂၂ရက်က ပြောဆိုထားသည်။

ဒဂုံစီးတီး-ဝမ်းအပါအဝင် စီမံကိန်း ၅ ခုအကောင်အထည်ဖော်ရန် ကာကွယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲမှုရရှိထားသည့် ဒဂုံမြို့နယ် ဆက်သွယ်ရေး တပ်ရင်းမြေမှ ၄၉ဧကကျော်ကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၈ ဒဿ     မ ၈၉သန်းဖြင့် Marga Landmark က  ငှားရမ်းထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly