နှစ် ၁၄၀ရှိပြီဖြစ်သည့် ငဝန်တာကို မိုးမကျမီ ပြင်ဆင်မွန်းမံရန် နှင့် ရေးဘေးအန္တရာယ်ကြိုပြင်နိုင်ရန် လေးမျက်နှာအမတ် အဆိုတင်

နှစ် ၁၄၀ရှိပြီဖြစ်သည့် ငဝန်တာကို မိုးမကျမီ ပြင်ဆင်မွန်းမံရန် နှင့် ရေးဘေးအန္တရာယ်ကြိုပြင်နိုင်ရန် လေးမျက်နှာအမတ် အဆိုတင်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ကနေ မြင်ရသည့် ငဝန်ရေကာတာမြင်ကွင်း။ (ဓာတ်ပုံ-စည်သူမောင်မောင်)

ပုသိမ်၊ ဇွန် ၁ ။               ။ ဧရာဝတီတိုင်းအတွင်း မြို့လေးမြို့ကို ကာထားသည့် နှစ်ပေါင်း ၁၄၀ရှိ ငဝန်တာကို မိုးမကျမီ ပြုပြင်မွမ်းမံပေးရန် နှင့် တွေ့ကြုံလာနိုင်သည့် ရေဘေးအန္တရာယ်အား ထိရောက်စွာ ကူညီကာကွယ်ပေးရန် အဆိုကို လေးမျက်နှာမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ဇွန် ၁ရက် တိုင်းလွှတ်တော်တွင် တင်သွင်းခဲ့သည်။

ယင်း ငဝန်တာသည် လေးမျက်နှာမြို့၊ ဟင်္သာတမြို့၊ ရေကြည်မြို့ နှင့် သာပေါင်းမြို့များကို ကာရံထားခြင်းဖြစ်သည်။

တာ၏ ကြံ့ခိုင်မှုနှင့် ပတ်သက်၍ အဆိုရှင် လေးမျက်နှာအမတ်က "ပြည်သူများအနေဖြင့် မိုးရာသီကာလရောက်တိုင်း ငဝန်ရေကာတာ ကျိုးပေါက်မည်ကို စိုးရိမ်နေရသည့်မှာ နှစ်စဉ်ဖြစ်ပြီး၊၂၀၁၆ နွေရာသီတွင် ငဝန်တာ လိုအပ်ချက်များပြုပြင်နိုင်မှုမှာ လွန်စွာအားနည်းနေသေးတာကို တွေ့ရှိရပါသည်" ဟု တင်ပြထားသည်။

ယင်းအပြင် ငဝန်ရေကာတာ ထိန်းသိမ်းကာကွယ်တည်ဆောက်ရေးများအတွက် သက်ဆိုင်ရာ ဆည်းမြောင်းဦးစီးဌာနသို့ ဘက်ဂျက်ခွဲဝေချထားမှုတွင် လွန်စွာနည်းပါးနေသည်ကို တွေ့ရှိရကြောင်း၊ ပြည်သူများ ငဝန်ရေကာတာအတွက် စိုးရိမ်ကြောင့်ကြမှုများ လျော့ပါစကင်းဝေးစေရေးအတွက် ငဝန်ရေကာတာအား မိုးမကျမီလုပ်ငန်းဆောင်ရွက်နိုင်သော အချိန်တိုကာလအတွင်း အားစိုက်ကြိုးပမ်း မွမ်းမံပေးပါရန် လွှတ်တော်တွင် တင်ပြတောင်းဆိုလိုက်သည်။

အဆိုအား တိုင်းအစိုးရအဖွဲ့မှ လွှတ်တော်တွင် ဆွေးနွေးရန် သဘောတူ၍ အဆိုအား ဇွန်လ၂ရက် တိုင်းဒေသကြီးလွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

ငဝန်တာသည် ဟင်္သာတမြို့တွင် ၁၇.၁၂၅မိုင်၊ လေးမျက်နှာမြို့တွင် ၁၉.၈၇၅မိုင်၊ ရေကြည်မြို့တွင်၂၂မိုင်၊ သာပေါင်းမြို့ ၁၄.၁၇၅မိုင်ရှိပြီး စုစုပေါင်း ၇၃မိုင်၇ဖာလုံရှိသည်။ ၎င်းတာဖြင့် ဟင်္သာတမြို့ ၅၃,၃၇၄ဧက၊ လေးမျက်နှာ ၃၆,၃၄၅ဧက၊ရေကြည်၊ သာပေါင်းမြို့ ၂၁၀,၆၇၆ဧက ကာကွယ်ထားသည်။

၂၀၀၇ခုနှစ် ဟင်္သာတမြို့၊ ပြာသာတာကျိုးပေါက်သဖြင့် ဟင်္သာတမြို့နှင့် လေးမျက်နှာမြို့ ကျေးရွာ၄၀ကျော် ရေနစ်မြုပ်ပြီး၊ လယ်ဧက၂၅,၄၁၀ နစ်မြုပ်ခဲ့ပြီး ငဝန်တာသည့် ၁၉၉၁ခုနှစ်တွင် ရေကြည်မြို့ထိန်ငူတာကျိုးပေါက်ခြင်းနှင့် ၁၉၉၇ခုနှစ်များတွင် ဟင်္သာတမြို့ ကျွဲတဲကုန်းတာကျိုးပေါက်ခဲ့သည်။

ငဝန်ရေကာတာကို အင်္ဂလိပ်အစိုးရမှ ၁၈၇၁ခုနှစ်တွင် ဆောက်လုပ်ပြီး ၁၈၇၆ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly