သစ်တောပြုန်းတီးမှု ဆက်လက်မဖြစ်ပေါ်စေရန် လွှတ်တော်တွင်အဆိုတင်

သစ်တောပြုန်းတီးမှု ဆက်လက်မဖြစ်ပေါ်စေရန် လွှတ်တော်တွင်အဆိုတင်

နေပြည်တော်၊ ဇွန် ၁ ။                ။ သစ်တောပြုန်းတီးမှုများ ဆက်လက်မဖြစ်ပေါ်စေရန်အတွက် ဇွန်လ ၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဂန့်ဂေါမြို့နယ်   ပြည်သူ့လွှတ်တော်အမတ် ဒေါ်ယဉ်မင်းလှိုင်က အဆိုတစ်ရပ်တင်သွင်းခဲ့သည်။

အဆိုမှာ “မကွေးတိုင်းဒေသကြီး အနောက်ပိုင်းရှိ သစ်တောပြုန်းတီးမှုများ နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအား ထိန်းသိမ်းစောင့်ရှောက်ပေးရန်” ဟူ၍ဖြစ်သည်။

“၁၉၉၀ ခုနှစ်မှစတင်၍ ကုမ္မဏီများကို လုပ်ပိုင်ခွင့်ချပေးခဲ့ရာ ခွင့်ပြုသောနေရာကတစ်ခြား၊ ခုတ်ယူသောနေရာကတစ်နေရာ၊ ခွင့်ပြုသည်က တန် - တစ်ရာ။ ခုတ်ယူသည်က တန် -နှစ်ရာ မက စည်းကမ်းမဲ့ ကုမ္ပဏီတချို့ကြောင့် သစ်တောများ များစွာပြုန်းတီးခဲ့ပြီး ဖြစ်ပါတယ် ” ဟု လွှတ်တော်အမတ် ဒေါ်ယဉ်မင်းလှိုင်က လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

သစ်တောပြုန်းတီးမှုများကို ပိုမိုဖြစ်ပွားစေသည်မှာ အမြို့မြို့အနယ်နယ်တွင် အလွယ်တကူဝယ်ယူရရှိနေသော (Chain-Saw) ချိန်းဆော ခေါ် လျှပ်စစ်လွှများဖြင့် စည်းမဲ့ကမ်းမဲ့ ထုတ်ယူနေပြီး ချိန်းဆော၏သဘာဝမှာ သစ်ပင်ကြီးတစ်ပင်ခုတ်ယူလိုပါက ပတ်ဝန်းကျင်ရှိ အပင်ငယ်များကိုပါ ခုတ်လဲရသဖြင့် သစ်တောပြုန်းတီးမှု အလွန်အကျွံဖြစ်စေရခြင်းဖြစ်ကြောင်း ဒေါ်ယဉ်မင်းလှိုင်ကပြောသည်။

“ချိန်းဆောများမှာ လွယ်လင့်တကူ ဝယ်ယူရရှိယုံသာမက အလွယ်တကူအသုံးပြုနိုင်ခြင်း၊ သယ်ယူရလွယ်ကူးခြင်း၊ နာရီပိုင်းအတွင်းသစ်ပင်ကြီးတစ်ပင်ကို နေရာတွင်ပင် လိုချင်သောအရွယ်အစား ခွဲခြမ်းနိုင်ခြင်းတို့ကြောင့် ယခုအခါအလွန်အကျွံ အသုံးပြု၍ သစ်ထုတ်နေကြပါသည်” ဟု ၎င်းကဆိုသည်။

အဆိုကို လွှတ်တော်အမတ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်တွင် လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိအတည်ပြုခဲ့သည့် အတွက် လာမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးကာ အဆိုအတည်ပြု၊ မပြု လွှတ်တော်၏ ဆုံးဖြတ်ချက် ခံယူမည်ဖြစ်သည်။

“မကွေးတိုင်းဒေသကြီး အနောက်ပိုင်းရှိ သစ်တောပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် အဆိုပြုတင်ပြအပ်ပါသည်” ဟု ဒေါ်ယဉ်မင်းလှိုင်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၁) တွင်လည်း နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည် ဟု ပြဌာန်းပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly