ဧရာဝတီတိုင်းတွင် လူကုန်ကူးခံရသူ အများဆုံးဖြစ်

ဧရာဝတီတိုင်းတွင် လူကုန်ကူးခံရသူ အများဆုံးဖြစ်

နေပြည်တော်၊ ဇူလိုင် ၆  ။         ။ ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်လိုက်သည့် ၂၀၁၄ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာအရ လူကုန်ကူးခံရမှု အများဆုံးဒေသမှာ မြို့နယ်ပေါင်း ၂၆ မြို့ နယ် ရှိသည့် ဧရာဝတီတိုင်းတွင် ဖြစ်နေသည်။
 
ယင်းအစီရင်ခံစာတွင် ၂၀၁၄ခုနှစ်အတွင်း လူကုန်ကူးမှုပေါင်း ၁၂၄မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူ တရားခံ (၃၆၇)ဦးနှင့် လူကုန်ကူးခံရသူ (၃၀၉)ဦးကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။
 
ပြည်ထဲရေးက ဖော်ထုတ်နိုင်ခဲ့သည့် လူကုန်ကူးခံရသူ ၃၀၉ဦးအနက် အများဆုံး လူကုန်ကူးခံရသည့် ဒေသမှာ ဧရာဝတီတိုင်းမှ ၈၂ဦး၊ ဒုတိယအများဆုံးအဖြစ် ရန်ကုန်တိုင်းမှ ၇၇ဦးပါဝင်ပြီး လူကုန်ကူးခံရသူအနည်းဆုံးဒေသမှာ အစိုးရရုံးစိုက်ရာနေပြည်တော်တွင် ၇ဦးနှင့် ကရင်ပြည်နယ်မှ ၂ဦးတို့ဖြစ်သည်ဟု နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
လူကုန်ကူးခံရသူ အများဆုံးဖြစ်သည့် ဧရာဝတီတိုင်းတွင် ဝန်ကြီးချုပ်အဖြစ် ဦးသိန်းအောင်က တာဝန်ယူထားသည်။
 
လူကုန်ကူးခံရသူအများဆုံးမှာ ဧရာဝတီတိုင်းဒေသခံများဖြစ်သော်လည်း လူကုန်ကူးသူ တရားခံအများဆုံးမှာ ရန်ကုန်တိုင်းဒေသခံ များဖြစ်သည်။ ဖမ်းမိသူ တရားခံ ၃၀၉ဦးအနက် ၁၂၂ဦးမှာ ရန်ကုန်တိုင်းမှဖြစ်သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။
 
ထူးခြားချက်အနေဖြင့် လူကုန်ကူးခံရသူများအနက် အသက် ၁၆နှစ်အောက် အမျိုးသမီးငယ် ၁၉ဦးပါဝင်နေသည် ကိုလည်း တွေ့ရ သည်။

ပြည်ထဲရေးက ၂၀၁၄ခုနှစ်အတွင်း ဖော်ထုတ်နိုင်ခဲ့သည့် လူကုန်ကူးမှုများအနက် ဦးတည်သည့် ပြည်ပနိုင်ငံများမှာ တရုတ်၊ ထိုင်းနှင့် မလေးရှားတို့ဖြစ်သည်။
 
ဖမ်းမိခဲ့ည့် တရားခံများကို ပြည်ပအလုပ်အကိုင်ရှာဖွေရေးဥပဒေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအပါ  အဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အက်ဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူခဲ့သည်ဟု နှစ်ပတ်လည်အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြ ထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly