သမ္မတဟောင်း၏ သီးသန် ့ရံပုံငွေဖြင့်ဆောင်ရွက်သည့်လုပ်ငန်း ပြီးပြတ်ခြင်းမရှိသေးသည်အပေါ် NLD အမတ် မေးခွန်းထုတ်

သမ္မတဟောင်း၏ သီးသန် ့ရံပုံငွေဖြင့်ဆောင်ရွက်သည့်လုပ်ငန်း ပြီးပြတ်ခြင်းမရှိသေးသည်အပေါ် NLD အမတ် မေးခွန်းထုတ်

နေပြည်တော်၊ မေ ၂၅ ။               ။ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် သမ္မတ သီးသန် ရံပုံငွေဖြင့် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်သည့် မိုးကုတ်မြို့ရှိ အင်းကြီးအား ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းပြီးပြတ်ခြင်းမရှိသေးသည်ကို မိုးကုတ်မြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးအောင်နိုင် (ခ) ဦးနိုင်ငံကျော်က လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည်။

ဦးသိန်းစိန်၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဖွံ့ဖြိုးမှုရံပုံငွေဖြင့် အဆိုပါ အင်းကြီးအား ပြုပြင်တည်ဆောက်ခြင်း ကိစ္စကို မေလ ၂၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌   မေးမြန်းခဲ့ခြင်းဖြစ်သည်။

၎င်း၏ မေးခွန်းအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက မိုးကုတ်အင်းကြီးသည် ယခင်ကတည်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထိန်းသိမ်းထားသည့်အတွက် ကျန်ရှိနေသည့်လုပ်ငန်းများမှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှပင် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ဖြေကြားခဲ့သည်။

“မိုးကုတ်အင်းမှာ မူလကတည်းက မြို့ယ်စည်ပင်သာယာရေးအဖွဲ့က ထိန်းသိမ်းထားခြင်းဖြစ်သည့်အတွက် ကန်ပေါင်ပေါ်တွင် လမ်းမီးတိုင်စိုက်ထူခြင်း၊ သံဇကာ ကာရံခြင်း၊ ရေပိုလွှဲအထွက်မြောင်းနှင့် ဆက်စပ်လျက်ရှိသော ရေးဆိုးထုတ်မြောင်းတူးဖော်ခြင်း နှင့် မိုးကုတ်အင်း၏ ရေရှည်ထိန်းသိမ်းပြုပြင်ခြင်း စသည့်လုပ်ငန်းများမှာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှပင် ဆက်လက် စီမံဆောင်ရွက်သွားရမည့်   လုပ်ငန်းစဉ်များဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်” ဟု ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကပြောသည်။

မိုးသည်းထန်စွာရွာသွန်းပါက အင်းအနီးရှိ ရေနီမြောင်းရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး မိုးကုတ်အင်းအတွင်းသို့သဲနှုန်းများစီးဝင်စေမှုကြောင့် ပိုမိုတိမ်ကောစေခြင်း နှင့် အခြားလိုအပ်သည့် ဆက်စက်လုပ်ငန်းများ    ဆောင်ရွက်ရန်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သီးသန့်ရံပုံငွေ ကျပ်သန်း (၁၉၀၁) သန်းတင်ပြတောင်းခံကာ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဦးသိန်းစိန်လက်ထက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် သမ္မတ သီးသန့်ရံပုံငွေသုံံးစွဲရာတွင် ယခင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမြင့်လှိုင် တာဝန်ယူခဲ့သည့် ယင်းဝန်ကြီးဌာနသည် သမ္မတသီးသန့်ရံပုံငွေမှ ရံပုံငွေအများဆုံးတင်ပြတောင်းခံကာ အများဆုံးသုံးစွဲခဲ့သည့် ဌာနဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly