ရှားလော့ဟုမ်း(၃) ရုပ်ရှင်ကို ယခုနှစ်ထဲတွင် စတင်ရိုက်ကူးဖွယ်ရှိ

ရှားလော့ဟုမ်း(၃) ရုပ်ရှင်ကို ယခုနှစ်ထဲတွင် စတင်ရိုက်ကူးဖွယ်ရှိ

မေ ၂၁ ။             ။ တတိယမြောက် ရှားလော့ဟုမ်းရုပ်ရှင်ကို ရိုက်ကူးထုတ်လုပ်ရန် စီစဉ်နေကြောင်း အမေရိကန် ရုပ်ရှင်မင်းသား ရောဘတ်ဒေါင်းနေးဂျူနီယာ (Robert Downey Jr) က လွန်ခဲ့သော တစ်လအကြာက ထုတ်ဖော်ပြောဆိုခဲ့ကာ ယခုအခါတွင် ရုပ်ရှင်ထုတ်လုပ်သူ Joel Silver က၊ ဒါရိုက်တာ Guy Ritchie ရိုက်ကူးမည့် ထိုဇာတ်ကား ထုတ်လုပ်ရေးလုပ်ငန်းကို ယခုနှစ်ထဲတွင် စတင်ဖွယ်ရှိကြောင်း အတည်ပြု ပြောကြားလိုက်သည်။

ရုပ်ရှင်ထုတ်လုပ်သူ Silver က “The Nice Guys” ဇာတ်ကားနှင့် ပတ်သတ်သော အင်တာဗျူး တစ်ခုတွင် ထိုကဲ့သို့ အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်ပြီး အနာဂတ်တွင် နောက်ထပ် ရှားလော့ဟုမ်း ဇာတ်ကားများ ဆက်လက်ရိုက်ကူးသွားဖွယ် ရှိကြောင်းလည်း အရိပ်အမြွက်ပြောကြားခဲ့သည်ဟု Ace Showbiz မီဒီယာက ဖော်ပြခဲ့သည်။

“ဒီနှစ် ဆောင်းဦးရာသီမှာ စပြီး လုပ်ဖို့ ရှိပါတယ်။ ဒေါင်းနေးကလည်း သူ အကောင်အထည် ဖော်ချင်တယ်လို့ ပြောခဲ့ပါတယ်” ဟု Silver က ဆိုခဲ့သည်။

“ကျွန်တော်တို့ ကြိုက်နှစ်သက်တဲ့ ဇာတ်ညွှန်း တစ်ခု ရှိပါတယ်။ Jude Law လည်း ပါဝင်မှာပါ။ ဒေါင်းနေးလည်း ပါဝင်မှာပါ။ အဲဒါကို ကျွန်တော်တို့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု Silver က ဆိုသည်။ “အခု မလုပ်ဖြစ်သေးရင်လည်း တစ်ချိန်ချိန်မှာ ကျွန်တော်တို့ လုပ်ဖြစ်မှာပါ။ ဒါပေမဲ့ အခု လုပ်ဖြစ်ဖို့ များပါတယ်” ဟု Silver က ဆိုခဲ့သည်။

ဒေါင်းနေး၊ Jude Law နှင့် Ritchie တို့၏ ကားရိုက်ရက်များ ပြည့်နေခဲ့သဖြင့် ရှားလော့ဟုမ်း (၃) ရိုက်ကူးရေး နှောင့်နှေးနေခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly