တစ်နှစ်တာ အကောင်းဆုံး သီချင်းရေးဆရာဆု ရရှိခဲ့တဲ့ အဒဲလ်

တစ်နှစ်တာ အကောင်းဆုံး သီချင်းရေးဆရာဆု ရရှိခဲ့တဲ့ အဒဲလ်

နယူးယော့ခ်၊ မေ ၂၀ ။            ။ နာမည်ကျော်အဆိုတော် အဒဲလ်သည် လန်ဒန်မြို့၌ ကျင်းပပြုလုပ်သော ၂၀၁၆ ခုနှစ်  Ivor Novello Awrads ဆုပေးပွဲတွင် တစ်နှစ်တာ အကောင်းဆုံး သီချင်းရေးဆရာဆုကို ရရှိခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ရှိ အဒဲလ်သည် လက်ရှိအချိန်တွင် ၎င်း၏ ဥရောပ ခရီးစဉ်ဖျော်ဖြေပွဲအတွက် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင် ဖျော်ဖြေနေရသောကြောင့် မေ ၁၉ ရက်က လန်ဒန်မြို့၌ ကျင်းပ ပြုလုပ်သော Ivor Novello Awrads ဆုပေးပွဲသို့ တတ်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ သို့ရာတွင် အဒဲလ်က “ဆုချီးမြှင့်ခံရတဲ့အတွက် ကျွန်မအရမ်းကို ဝမ်းသာပါတယ်” ဟု ဗီဒီယို မက်ဆေ့ချ်မှတစ်ဆင့် ပြောကြားခဲ့သည်။

အဒဲလ်သည် ပြီးခဲ့သည့်နှစ်က ထွက်ရှိခဲ့သော “25” တေးအယ်လ်ဘမ် အချပ်ရေသန်းပေါင်း များစွာ ရောင်းချနိုင်ခဲ့ခြင်းကြောင့် တစ်နှစ်တာအကောင်းဆုံး သီချင်းရေးဆရာဆုကို ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။ အဒဲလ်သည် ဂရမ်မီဆုနှင့် BRIT ဆုပေါင်းများစွာ ရရှိခဲ့သည့်အပြင် အော်စကာဆုအတွက် လည်း နာမည်စာရင်း တင်သွင်းခံရဖူးသည်။

အကောင်းဆုံး တေးသီချင်းဆုကို ဂျိမ်းစ်လော်ဆန်က “Wasn’t Expecting That” တေးသီချင်းဖြင့် ရရှိခဲ့သည်။ အခြားသောဆုများကို Portishead ဗြိတိန်တေးဂီတအဖွဲနှင့် ကနေဒါအဆိုတော် ဘရွိုင်ရယ်အဒမ်တို့က ရရှိခဲ့ပြီး အိုင်ယာလန် ကျေးလက်ဂီတအဖွဲ့ Villagers ၏  “Darling Arithmetic” တေးအယ်လ်ဘမ်သည် အကောင်းဆုံး တေးအယ်လ်ဘမ်ဆုကို ရရှိခဲ့သည်။ ဗြိတိန်အဆိုတော် ဂျိမ်းစ်ဘေသည် ၎င်းနာမည်ကျော်ကြားသော “Hold Back The River” တေးသီချင်းဖြင့်  Most Performed Work ဆုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly