အဆိုတော်သားသား၏ မိန်းမနိုင်နည်း ဒုတိယမြောက် တစ်ကိုယ်တော်အခွေ မေလ ၂၁ရက်တွင် ထွက်ရှိမည်

အဆိုတော်သားသား၏ မိန်းမနိုင်နည်း ဒုတိယမြောက် တစ်ကိုယ်တော်အခွေ မေလ ၂၁ရက်တွင် ထွက်ရှိမည်

ရန်ကုန် ၊ မေ ၁၈ ။               ။ အဆိုတော် သားသားသည် ၎င်း၏ မိန်းမနိုင်နည်းဟု အမည်ပေးထားသည့် ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်သစ်ကို မေလ ၂၁ရက်တွင် Bo Bo Music Production မှ မြန်မာတစ်နိုင်ငံလုံးသို့ စတင် ဖြန့်ချိသွားမည် ဖြစ်သည်။

အဆိုတော်သားသား၏ မိန်းမနိုင်နည်း ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ် ထွက်ရှိမည့် အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို မေလ ၁၆ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

တစ်ကိုယ်တော် တေးအယ်ဘမ်တွင် တေးသီချင်း ၁၃ပုဒ် ပါဝင်ပြီး တေးသီချင်း အများစုကို အဆိုတော် သားသား ကိုယ်တိုင်ရေးသားထားပြီး Music Style ကို ပြောင်းလဲ ဖန်တီးထားသည့် တေးသီချင်းများ ပါဝင်မည် ဖြစ်သည်။

အဆိုတော်သားသားက "သီချင်း အမျိုးအစားတွေကတော့ Pop ကို အခြေခံပြီး R&B ပုံစံလေးတွေ ပါမယ်။ ပုံစံကွဲ သီချင်းတွေ အများကြီး ပါပါတယ်။ ပထမ တစ်ကိုယ်တော် အခွေနဲ့တော့ တော်တော် ကွာခြားမယ်။ အရင် သီချင်းပုံစံ မျိုး ၂ပုဒ်လောက်ပဲပါမယ်။ ကျန်တာ ပုံစံအသစ်တွေကြီးပါပဲ။ မိန်းမနိုင်နည်းလို့ ပေးဖြစ်တာ သူငယ်ချင်းတွေကလဲ ကြိုက်ကြတယ် ပရိသတ်လဲ သဘောကျမယ်ထင်လို့ ပေးဖြစ်တာပါ " ဟု ပြောသည်။

ကိုယ်တိုင် ရေးသားထားသည့် ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်တွင် Featuring အဆိုတော်များ အနေဖြင့် အဆိုတော် အားတီ၊ ရဲရင့်အောင်၊ X-Box နှင့် ထက်ယံ တို့မှ ပါဝင်သီဆို ထားကြကာ လူငယ်ကြိုက် တေးသီချင်းများကို နားထောင်ရမည် ဖြစ်သည်။

အဆိုတော် သားသားသည် ပထမ တစ်ကိုယ်တော် တေးအယ်ဘမ် အဖြစ် မောင့်ချစ်သူ Return တေးအယ်ဘမ် ကို ထွက်ရှိ ခဲ့ပြီး ဖြစ်သလို မိန်းမနိုင်နည်း တေးအယ်ဘမ်ကတော့ ၎င်း၏ ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ် ဖြစ်သည်။

မိန်းမနိုင်နည်း တေးအယ်ဘမ်သစ်ကို မေလ ၂၁ရက်တွင် Bo Bo Music Production မှ Audio CD အဖြစ် ထွက်ရှိမည် ဖြန့်ချိမည် ဖြစ်ပြီး အခွေပရိုမိုးရှင်းပွဲကို မေလ ၂၁ရက်တွင် လှည်းတန်းစင်တာတွင် အဆိုတော် သားသား ကိုယ်တိုင် အမှတ်တရ လက်မှတ်ရေးထိုးပြီး ရောင်းချပေးမည် ဖြစ်သည်။

အခွေပရိုမိုးရှင်းပွဲကို ရန်ကုန်မြို့ အပြင် မေလ ၂၉ရက်တွင် မန္တလေးမြို့၌ ပြုလုပ်မည် ဖြစ်ပြီး မေလ ၂၈ရက်မှာ တော့ မုံရွာတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကာ အဆိုတော် သားသား နှင့် အနုပညာရှင်များမှ အမှတ်တရ လက်မှတ်ရေးထိုးပြီး ရောင်းချပေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly