နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ရောက်ရှိမလာ၍ ရှေ့ဆက်တိုးရာမှ အလုပ်သမားသပိတ်ဖြိုခွင်းခံလိုက်ရ

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ရောက်ရှိမလာ၍ ရှေ့ဆက်တိုးရာမှ အလုပ်သမားသပိတ်ဖြိုခွင်းခံလိုက်ရ
(ဓာတ်ပုံ-မင်းမင်း)

နေပြည်တော်၊ မေ ၁၈ ။  ။ စစ်ကိုင်းမှ ချီတက်လာသည့် အလုပ်သမားသပိတ်စစ်ကြောင်းသည် နေပြည်တော် နယ်နမိတ်သို့ စတင်ဝင်ရောက်လာစဉ် နေပြည်တော်ကောင်စီမှ အုပ်ချုပ်ရေးအာဏာပိုင်တို့က စတင်တားဆီးခဲ့သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်နယ်နိမိတ်အစဖြစ်သည့် တပ်ကုန်းမြို့နယ် အဝင် မိုင်တိုင် ၂၈၄ မိုင် ၄ ဖာလုံတွင် ရဲတပ်ဖွဲ့ဝင်များ နှင့် အလုပ်သမားသပိတ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အလုပ်သမားများဘက်မှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် တွေ့ဆုံလိုသည်ဟု တောင်းဆိုခဲ့သည်။

အလုပ်သမားများ၏ တောင်းဆိုမှုကို ဥတ္တရသီရီခရိုင်အုပ်ချုပ်ရေးမှူး နှင့် ခရိုင်ဥပဒေအရာရှိတို့က နေပြည်တော်ကောင်စီထံအကြောင်းကြားပေးခဲ့ကာ နေ့လည် ၁နာရီမတိုင်မီ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင် အရောက်လာမည်ဟု အလုပ်သမားများကို ဥတ္တရသီရီခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မေလ ၁၈ ရက်နံနက် ၁၁း၃၀ခန့်၌ ပြောကြားခဲ့သည်။

နေ့လည် တစ်နာရီအချိန်တွင် နေပြည်တော်ကောင်စီဥက္ကဌက သပိတ်စခန်းရှိရာသို့လာရောက်မည်မဟုတ်ဘဲ တပ်ကုန်းမြို့တွင်သာ အလုပ်သမားခေါင်းဆောင် ငါးဦးအား ခေါ်ယူတွေ့ဆုံမည်ဟု ဥတ္တရသီရီခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သဖြင့် အလုပ်သမားများက လက်မခံနိုင်ဘဲ သပိတ်ဆက်လက်ချီတက်ရန် ပြင်ဆင်ရာမှာ ရဲများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ 

ဆက်လက်ချီတက်လာသည့် အလုပ်သမားများကို လူစုခွဲရန် ရဲတပ်ဖွဲ့မှ လော်စပိကာဖြင့် ကြေငြာခဲ့သော်လည်း လူစုမခွဲသည့်အတွက် ရဲတပ်ဖွဲ့က နေ့လည် ၁နာရီခွဲခန့်တွင် အင်အားသုံးကာ သပိတ်ကို ဖြိုခွင်းပြီး အလုပ်သမားများ နှင့်ဝန်းရံသူများကို အချုပ်ကားသုံးစီးဖြင့် တပ်ကုန်းရဲစခန်းသို ခေါ်ဆောင်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly