ဒေါ်နယ်ထရန့်ရဲ့ မွတ်ဆလင်ဆန့်ကျင်ရေး မှတ်ချက်ပြု ပြောကြားချက်ကို ရှုတ်ချခဲ့တဲ့ ဂျိုလီ

ဒေါ်နယ်ထရန့်ရဲ့ မွတ်ဆလင်ဆန့်ကျင်ရေး မှတ်ချက်ပြု ပြောကြားချက်ကို ရှုတ်ချခဲ့တဲ့ ဂျိုလီ

ဆိုးလ်၊ မေ ၁၇ ။            ။ ဟောလီးဝုဒ်အကျော်အမော် အိန်ဂျလီနာဂျိုလီသည် အမေရိကန် သမ္မတလောင်းအဖြစ် ဝင်ရောက် အရွေးခံ ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်၏ မွတ်ဆလင် ဆန့်ကျင်ရေး  မှတ်ချက်ပြု ပြောကြားချက်ကို ရှုတ်ချခဲ့သည်။

“ကျွန်မအတွက်ကတော့ အမေရိကန် ပြည်ထောင်စုဟာ ကမ္ဘာတစ်ဝှမ်းမှ လူတွေအတွက် လွတ်လပ်မှုကို အတူတကွ တည်ဆောက်ပေးတဲ့ နိုင်ငံဖြစ်တယ်။ အမေရိကန် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ သူတစ်ယောက်ထံက ဒီလိုစကားမျိုးဆိုတာ ကြားရဖို့ ခက်ပါတယ်” ဟု ဂျိုလီက ရှုတ်ချ ပြောကြားခဲ့သည်။

ထရန့်က စစ်ဒဏ်ခံ ဆီးရီယားနိုင်ငံမှ ပြည်သူ ထောင်ပေါင်းများစွာ နေရပ်ကိုစွန့်ခွာ ထွက်ပြေး နေချိန်တွင် အမေရိကန်နိုင်ငံအတွင်းသို့ မွတ်ဆလင်များ ဝင်ရောက်မှုကို ယာယီတားမြစ်ရန် တောင်းဆိုခဲ့ပြီး သမ္မတ ဘားရက်အိုဘားမားက ယင်းတို့အနက် ၁၀၀၀၀ ဦးကို လက်ခံသွားမည်ဟု ကတိပြုထားသည်။

ဘီဘီစီ သတင်းဌာနက ကျင်းပပြုလုပ်သောပွဲတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး၏ အထူးသံတမန်အဖြစ် လန်ဒန်၌ ဂျိုလီတက်ရောက် မိန့်ခွန်းပြောကြားရာတွင် ဒုက္ခသည် အကြပ်အတည်းကို ပူးပေါင်းဖြေရှင်းရာတွင် ပေါင်းစည်းလုပ်ဆောင်ကြရန် ကမ္ဘာကို မေတ္တာရပ် ခံခဲ့သည်။

“ဒုက္ခသည်တွေ အကူညီပေးရေး ကြိုးပမ်းမှုတွေမှာ ငွေကြေးထောက်ပံ့မှုတွေ သိသိသာသာ လျော့နည်းလာတယ်။ ဒုက္ခသည်များကို ကိုင်တွယ်ဖြေရှင်းတဲ့ စနစ်ဟာဆိုရင်လည်း စတင်ယိုယွင်းလာ နေပါပြီ။ ပဋိပက္ခဖြစ်ပွားမှုတွေနဲ့ ပြောင်းရွှေ့မှု အရေအတွက်တွေဟာ များပြားလာနေတယ်။ ကူညီပေး ရေး စနစ်ဟာလည်း ပဋိပက္ခဖြစ်ပွားမှုများရဲ့အောက်မှာ ရုန်းကန်နေရပါတယ်” ဟု ဂျိုလီက ပြောကြား ခဲ့သည်။

ယခုနှစ်တွင် ပင်လယ်ကိုဖြတ်ကျော်ကာ ဥရောပသို့ ရောက်ရှိရန် ကြိုးပမ်းခဲ့သည့်  ဒုက္ခသည် များနှင့် ပြောင်းရွှေ့သူများ ၁၈၀၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly