မင်းရတုပိုင်၊ ဂေဂေး၊ ရွယ်ရွယ်၊ ထက်မွန်တို့ ၄ဦး၏ နာမည်ကြီး တေးအယ်ဘမ် မေလ ၂၁ရက်တွင် ထွက်ရှိမည်

မင်းရတုပိုင်၊ ဂေဂေး၊ ရွယ်ရွယ်၊ ထက်မွန်တို့ ၄ဦး၏ နာမည်ကြီး တေးအယ်ဘမ် မေလ ၂၁ရက်တွင် ထွက်ရှိမည်

ရန်ကုန်၊ မေ ၁၇။              ။ အဆိုတော် မင်းရတုပိုင်၊ ဂေဂေး၊ ရွယ်ရွယ်၊ ထက်မွန်တို့ ၄ယောက် ပူးပေါင်းပြီး နာမည်ကြီး အမည်ရှိ တေးအယ်ဘမ်ကို Bo Bo Music Production မှ မေလ ၂၁ရက်တွင် မြန်မာတစ်နိုင်ငံလုံးသို့ စတင် ဖြန့်ချိ သွားမည် ဖြစ်သည်။

အဆိုပါ တေးအယ်ဘမ်ကို စာနယ်ဇင်းများနှင့် မိတ်ဆက်ပွဲအား မေလ ၁၆ရက်က ရန်ကုန်မြို့ ရှိ Orchid Hotelတွင် ပြုလုပ်ခဲ့သည်။

ထိုတေးအယ်ဘမ်တွင် အသည်းကွဲသီချင်းများ၊ R&B တေးသီချင်း ပုံစံများနှင့် Pop သီချင်းချိုချိုလေးများ ပါဝင်ပြီး တေးသီချင်းဟောင်း တစ်ပုဒ် ဖြစ်သည့် အရူးအမူးပဲကလေးရယ်   တေးသီချင်းကိုလည်း ပြန်လည် ထည့်သွင်းထားသည်။

အဆိုတော် မင်းရတုပိုင်က "ကျွန်တော့် ၄ယောက်က ခင်နေကြတာလဲ ကြာပြီဆိုတော့ မှတ်တိုင်လေး တစ်ခုအနေနဲ့ ဒီအခွေလေးကို လုပ်မယ် ဆိုပြီး ကျွန်တော်ကပဲ စပြောပြီးလုပ်ဖြစ်ခဲ့တာပါ။ ၂လပိုင်းလောက် ကတည်းက ဒီအခွေကို စလုပ်ဖြစ်ခဲ့တာပါ" ဟု ပြောသည်။

တေးရေးဆရာများအဖြစ် မင်းချစ်သူ ၊ ဆိုတေး ၊ သံဒိုး ၊ ထက်မွန် ၊ ရွယ်ရွယ် ၊ ဂေဂေး တို့မှ ရေးသား ထားကြပြီး တေးသီချင်း ၁၂ပုဒ် ပါဝင်ထားကာ အတွဲသီချင်း မပါဝင်ပဲ တစ်ယောက်ကို ၃ပုဒ်စီဖြင့် သီဆို ထားကြသည်။

အဆိုတော် ရွယ်ရွယ် က "ဒီအခွေမှာ တစ်ယောက်ကို ၃ပုဒ်နှုန်း နဲ့ ထည့်ထားတယ်။ ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေပဲ ထည့်ထားတယ်။ အသည်းကွဲသီချင်း ရယ် အမြူးတေးသီချင်း တစ်ပုဒ်နဲ့ R&B တေးသီချင်း တစ်ပုဒ်လည်း ပါဝင်ပါတယ်" ဟု ပြောသည်။

နာမည်ကြီး တေးအယ်ဘမ်ကို မေလ ၂၁ရက်တွင် Bo Bo Music Production မှ Audio CD အနေဖြင့် ထွက်ရှိမည် ဖြစ်ပြီး အခွေထွက်ရှိသည့်နေ့တွင် ပြည်သူ့ရင်ပြင်ရှိ စမ်းချောင်းသာစတိတ်တွင် နေ့လည် ၂နာရီမှ စတင်ပြီး လက်မှတ်ရေးထိုး သီဆိုဖျော်ဖြေမည် ဖြစ်သည်။

အခွေပရိုမိုးရှင်းပွဲကို ရန်ကုန်မြို့အပြင် မေလ ၂၂ရက်တွင် မန္တလေး မနောယမံကစားကွင်း၌ ညနေ၅နာရီမှ စတင်ပြီး အဆိုတော်များနှင့် တခြား အနုပညာရှင်များမှလည်း အမှတ်တရ လက်မှတ်ရေးထိုး သီဆိုဖျော်ဖြေမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly