နေပြည်တော်၊ မေ ၁၅ ။ ။ အစိုးရရုံးများတည်ရှိရာနေပြည်တော်သို့ စစ်ကိုင်းမြို့မှ လမ်းလျှောက်ချီ တက်လာသည့် အလုပ်သမားသပိတ်စစ်ကြောင်းကို နေပြည်တော်အဝင်တွင် တားဆီမည်ဟု ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီနယ်မြေမှ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။
"နေပြည်တော်ကောင်စီမှာတော့ အရေးပေါ်အစည်းအဝေးလုပ်နေတယ်။ နှစ်ဆင့်လောက်တားဖို့စီစဉ်ထားတယ်လို့သိရတယ် " ဟု ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီရှိ အာဏာပိုင်တာဝန်ရှိသူတစ်ဦးကပြောသည်။
အလုပ်သမားသပိတ်စစ်ကြောင်းသည် နေပြည်တော်နယ်နမိတ်ဖြစ်သည့် တပ်ကုန်းမြို့နယ် အတွင်းသို့ယနေ့ညနေပိုင်း သို့မဟုတ် မနက်ဖြန် နံနက်ပိုင်းတွင် ရောက်ရှိမည်ဖြစ်သည်။
စစ်ကိုင်းမြို့သစ် အခြေခံစက်ရုံမှ အလုပ်သမားသပိတ်သည် နေပြည်တော်နယ်နမိတ်ဖြစ်သည့် တပ်ကုန်းမြို့နယ်နှင့် မိုင်နှစ်ဆယ်ခန့်ကွာဝေးသော ရမည်းသင်းမြို့မှ မေလ ၁၅ရက် နေ့လည်းပိုင်းတွင် နေပြည်တော်သို့စတင်ထွက်ခွာလာပြီဖြစ်သည်။
တပ်ကုန်းမြို့နယ်တွင်လည်း အလုပ်သမားသပိတ်နှင့် ပက်သက်၍ အာဏာပိုင်အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ နှင့် ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အရေးပေါ်အစည်းအဝေးတစ်ခုပြုလုပ်နေကြောင်းသိရသည်။