MWD Documentary ရုပ်သံလိုင်း တွင် မြန်မာ ရုပ်သံ ဇာတ်လမ်းတွဲများကိုပါ ထုတ်လွှင့်ပြသသွားမည်

MWD Documentary ရုပ်သံလိုင်း တွင် မြန်မာ ရုပ်သံ ဇာတ်လမ်းတွဲများကိုပါ ထုတ်လွှင့်ပြသသွားမည်

ရန်ကုန် ၊ မေ ၁၄ ။           ။ MWD Documentary ရုပ်သံလိုင်း မှ လက်ရှိ ပြသလျက် ရှိသည့် အစီအစဉ်များ အပြင် ပရိသတ်များ အတွက် မြန်မာရုပ်သံ ဇာတ်လမ်းတွဲ ၂ကား နှင့် ဗီယက်နမ် ဇာတ်လမ်းတွဲ များ ၊ ထိုင်း ဇာတ်လမ်းတွဲများကို ပါ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

 ရဲရင့်သူ၏နှလုံးသား အမည်ရှိ ထိုင်း ရုပ်သံ ဇာတ်လမ်းတွဲကို မေ ၁၇ရက် မှ စတင်ပြီး ပြသမှာဖြစ်ပြီး ဗီယက်နမ် ဇာတ်လမ်းတွဲ များကိုတော့ မေလကုန်တွင် ပြသမည် ဖြစ်ကာ  မြန်မာ ဇာတ်လမ်းတွဲ များကိုတော့ စက်တင်ဘာလ တွင် စတင် ပြသ သွားမည် ဖြစ်သည်။

 လက်ရှိတွင် MWD Documentary ရုပ်သံလိုင်း၌ အစီအစဉ်ပေါင်း ၂၆ခု ပြသလျက် ရှိပြီး ကိုရီးယား ဇာတ်လမ်းတွဲများ ၊ ထိုင်း ဇာတ်လမ်းတွဲများ နှင့် ဂိမ်းအစီအစဉ်များ ၊ တေးဂီတ အစီအစဉ်များ အပြင် တခြား  အစီအစဉ်များကို ပြသလျက် ရှိသည်။

Myanmar Media United ကုမ္ပဏီလီမိတက်မှ ဦးကျော်ဆန်း က "ကျွန်တော် ရုပ်မြင်သံကြား စတင် လုပ်ဆောင်ကတည်းက မြန်မာဇာတ်လမ်းတွဲ လုပ်ဖို့ စိတ်အားထက်သန် တယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ အရင်းအနှီး အများကြီး ကုန်ကျတဲ့ အတွက် မလုပ်ဖြစ်ခဲ့ဘူး။ အခုချိန်မှာ ရုပ်မြင်သံကြား ဈေးကွက်ကလည်း ဖွံ့ဖြိုးလာပြီ။ ပရိသတ်ကလည်း နိုင်ငံခြား ရုပ်သံ ဇာတ်လမ်းတွဲကို ကြည့်တာ ရိုးအီ လာပြီ ဖြစ်တဲ့ အတွက် ပြီးတော့ Free To Air ရုပ်သံလိုင်း ကလည်း ၂၀ကျော်လောက် ရှိလာပြီ ဆိုတော့ နိုင်ငံခြား ဇာတ်လမ်းတွဲတွေ ပြမယ် ဆိုရင် ထိုင်း ပြရင်လဲ လူတိုင်းက ထိုင်းလိုက်ပြမှာပဲ အဲ့ဒီတော့ ကိုယ့်နိုင်ငံရဲ့ ဇာတ်လမ်းတွဲ ကိုသာ ကိုယ်တွေက ရေရှည် တည်တံ့ပြီး ကြည့်နိုင်မယ့် အတွက်မို့လို့ ကျွန်တော် တို့ကတော့ မြန်မာဇာတ်လမ်းတွဲ ကို ဆက်လက် တင်ဆက် ထုတ်လွှင့်သွားဖို့ အစီအစဉ် ရှိပါတယ်" ဟု ပြောသည်။  

 လတ်တလောတွင် MWD Documentary ရုပ်သံလိုင်း၌ ထုတ်လွှင့် ပြသမည့် ရုပ်သံ ဇာတ်လမ်းတွဲ အသစ်များမှာ ထိုင်း ရုပ်သံ ဇာတ်လမ်းတွဲ ဖြစ်သည့် ရဲရင့်သူ၏နှလုံးသား ၊ မြန်မာဇာတ်လမ်းတွဲ များ ဖြစ်သည့် ချစ်ခြင်းကိုဖန်ဆင်းသူ  နှင့် ဤသို့ပြုရ အမည်ရှိ ရုပ်သံ ဇာတ်လမ်းတွဲ နှင့် ဗီယက်နမ် ရုပ်သံ ဇာတ်လမ်းတွဲများဖြစ်သည်။

 မြန်မာ ဇာတ်လမ်းတွဲ များ ဖြစ်သည့် ချစ်ခြင်းကိုဖန်ဆင်းသူ ရုပ်သံ ဇာတ်လမ်းတွဲကို ဒါရိုက်တာ မေတင် မှ ရိုက်ကူး ထားပြီး သရုပ်ဆောင်များ အဖြစ် ကောင်းပြည့် ၊ ရွှေမှုံရတီ နှင့် သရုပ်ဆောင်များစွာမှ ပါဝင် သရုပ်ဆောင် ထားကြသည်။

 ဤသို့ပြုရ ရုပ်သံ ဇာတ်လမ်းတွဲ ကိုဒါရိုက်တာ ဘုဏ်းမျိုးကျော် ကရိုက်ကူးထားပြီး သရုပ်ဆောင်များ အဖြစ် ထွန်းထွန်း ၊ ဧရာ ၊ ဖူးပွင့်သခင် နှင့် ဂွမ်းပုံကြီး တို့မှ ပါဝင် သရုပ်ဆောင် ထားကာ မြိုင်ရာဇာတွတ်ပီ ရုပ်ပြ ကာတွန်းကို အခြေခံပြီး ရိုက်ကူး ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly