ရန်ကုန် ၊ မေ ၁၁။ ။ တစ်ကိုယ်တော် အခွေထွက်တိုင်း ပရိသတ်ကြား အောင်မြင်မှု ရရှိခဲ့သည့် အဆိုတော် ဝိုင်းစုခိုင်သိန်းသည် "ဂါ" ဟု ယာယီ အမည် ပေးထားသည့် ၎င်း၏ စတုတ္ထမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်ကို စက်တင်ဘာ (သို့) အောက်တိုဘာလတွင် ထွက်ရှိရန် စီစဉ်ထားသည်။
အဆိုတော် ဝိုင်းစုခိုင်သိန်းသည် လက်ရှိတွင် တစ်ကိုယ်တော် တေးအယ်ဘမ် ၃ခွေ နှင့် တေးသံရှင် အမျိုးသားများဖြင့် တွဲဖက် သီဆိုထားသည့် ခါချနေရတယ် တေးအယ်ဘမ်ကိုလည်း ၂၀၁၅ ခုနှစ်ထဲတွင် ထွက်ရှိထားသူ တစ်ဦးဖြစ်သည်။
အဆိုတော် ဝိုင်းစုခိုင်သိန်းက "အခွေက တစ်ဝက်ကျော်ကျော်လောက် ပြီးနေပြီ။ ဒါပေမယ့် ဝိုင်းစုက သီချင်းကို ထုံးစံအတိုင်း အများကြီး လုပ်ထားတာ ရှိတယ်။ အများကြီး လုပ်ထားတော့ အဲ့ဒီထဲကနေမှ ပြန်ရွေးမှာ။ စောင့်နေတဲ့ သီချင်းလေးတွေလဲ ရှိသေးတယ်။ ၉လပိုင်း၊ ၁၀လပိုင်းတော့ ထွက်ဖြစ်မယ်" ဟု ပြောသည်။
"ဂါ" ဟု ယာယီအမည် ပေးထားသည့် တေးအယ်ဘမ်တွင် တေးရေးဆရာများ အဖြစ် ရွှေဂျော်ဂျော်၊ ဆောင်းဦးလှိုင်၊ သိန်းလင်းစိုး၊ ဝေလ၊ ညီမင်းခိုင်၊ ရွှေထူး၊ Snare၊ မိုးဇက် အပြင် Featuring အဆိုတော်များ အနေဖြင့် ဖြိုးပြည့်စုံ နှင့် စိုင်းစိုင်းခမ်းလှိုင်တို့ ပါဝင် သီဆိုပေးကြမည် ဖြစ်သည်။
"ဂါ" တေးသီချင်းကိုတော့ Snare အဖွဲ့မှ ရေးသားပေးမည် ဖြစ်ပြီး ယခုခေတ် လူငယ်များကြားတွင် ရေပန်းစားနေသည့် စကားလုံး တစ်ခု ဖြစ်သောကြောင့် အခွေ Title အဖြစ် ပေးဖြစ်ခြင်း ဖြစ်ကြောင်း ၎င်းက အခုလို ပြောပြသည်။
"ဂါ ဆိုတာကတော့ ဒီဘက်ခေတ်မှာ ရေပန်းစားတဲ့ စကားပေါ့။ တခုခုကြောင့် အလွဲလွဲအချော်ချော် လုပ်မိတဲ့ဟာကို သူငယ်ချင်းတွေက ကိုယ့်ကို မင်း ဂါနေပြီ ဘာညာဆိုပြီး ပြောကြတယ်။ အဲ့တာလေးကို ယူပြီး ပေးထား တာပါ။ ဂါ သီချင်းကို Snare အဖွဲ့ကို ရေးခိုင်း ထားတယ် သူတို့ ဘယ်လို ရေးပေးမလဲ တော့ မသိဘူး။ တခြား သီချင်းတွေထဲက Title ပေးလို့ ရတာ ရှိရင် ပိုကောင်းတာ ရှိရင် အဲ့တာကို ပေးဖြစ်မှာပေါ့။ လောလောဆယ် ကတော့ ဂါ က ကျိန်းသေပါတယ်" ဟု ပြောပြသည်။
အဆိုတော် ဝိုင်းစုခိုင်သိန်းသည် တစ်ကိုယ်တော် တေးအယ်ဘမ်များ အနေဖြင့် မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား စသည့် တစ်ကိုယ်တော် တေးအယ်ဘမ်များ အပြင် တေးသံရှင် အမျိုးသား များဖြင့် တွဲဖက် သီဆို ထားသည့် ခါချနေရတယ် တေးအယ်ဘမ်ကို ထွက်ရှိထားသည်။
ဇာတ်ကား ရိုက်ကူးမှု နှစ်နှစ်ကျော် ရပ်နားထားသည့် အဆိုတော် ဝိုင်းစုခိုင်သိန်းသည် ဇာတ်ကားများ ပြန်လည် ရိုက်ကူးစေချင်သည့် ပရိသတ်များ အတွက် ဇာတ်ကားများ ပြန်လည် ရိုက်ကူးရန် စဉ်းစားနေပြီး ပရိသတ် ရင်ထဲရောက်မည့် ဇာတ်ကားများကိုသာ ရွေးပြီး ရိုက်ကူးရန် စီစဉ်ထားသည်။