သရုပ်ဆောင် အလင်းရောင် တစ်ကိုယ်တော် တေးအယ်ဘမ် ထွက်ရှိမည်

သရုပ်ဆောင် အလင်းရောင် တစ်ကိုယ်တော် တေးအယ်ဘမ် ထွက်ရှိမည်

ရန်ကုန် ၊ မေလ ၇ ။            ။ သရုပ်ဆောင် တစ်ဦး ဖြစ်သည့် အလင်းရောင် ၏ တေးအယ်ဘမ် Oh My Crush ဟု အမည်ပေး ထားသည့် ပထမဆုံး တစ်ကိုယ်တော် တေးအယ်ဘမ် ကို မေ၂၁ရက် တွင် Bo Bo Music Production မှ မြန်မာတစ်နိုင်ငံလုံး သို့ စတင် ဖြန့်ချိ ပေးသွားမည် ဖြစ်သည်။

တေးအယ်ဘမ် တွင် တေးသီချင်း ၁၂ပုဒ် ပါဝင်ပြီး Featuring အဆိုတော် များ အဖြစ် ဝိုင်းစုခိုင်သိန်း ၊ အိမ့်ချစ် နှင့် Jewel တို့မှ ပါဝင် သီဆို ပေးထားကာ တေးသီချင်း အမျိုးအစား စုံလင်အောင် ထည့်သွင်း ပေးထားကြောင်း အလင်းရောင်ကဆိုသည်။

သရုပ်ဆောင် အဆိုတော် အလင်းရောင် က "ကျွန်တော် ဒီအခွေကို စီစဉ် နေတာ ၄ နှစ်လောက် ရှိပြီ။ အစက ရင့်ကျက်လာပြီ ဆိုတဲ့ ခေါင်းစဉ် နဲ့ ထွက်ဖို့ စီစဉ် ထားတာ ။ အကြောင်းအမျိုးမျိုးကြောင့် မထွက်ဖြစ်ဘူး ။ ပြန်ထွက်မယ်လို့ စီစဉ် ဖြစ်တဲ့ အခါကျ ဆရာ ရွှေဂျော်ဂျော် က ရင့်ကျက်လာပြီ ဆိုတာက လူကြီးပိုင်း နဲ့ တူ သွားမယ် ။ လူငယ်ဆန်အောင် Oh My Crush လို့ ပေးပါလားလို့ ပြောတာနဲ့ ပေးဖြစ်ခဲ့တာပါ။ အဆိုပိုင်းမှာ ဝါသနာ ပါတဲ့ အတွက် သရုပ်ဆောင်ပိုင်းမှာ ရတဲ့ အနုပညာကြေးနဲ့ ဒီအခွေလေးကို လုပ်ထားတာပါ" ဟု ပြောသည်။

တေးရေးဆရာများ အဖြစ် ရွှေဂျော်ဂျော် ၊ ဂျမန်း ၊ ယုန်လေး ၊ Raymond ၊ ဘန်နီဖြိုး ၊ သားသား ၊ ညီမင်းခိုင် ၊ Kalone နှင့် ရဲထူး တို့မှ ပါဝင် ရေးထား ပေးထားကြပြီး Pro Studio တွင် အသံသွင်းကာ Lazy Club ၊ Immortal Band ၊ Bosco ၊ ချမ်းအေးဝင်း (Fire Works)  နှင့် မောင်မောင်ပြည့်စုံ တို့မှ တီးခတ် ပေးထား ကြသည်။

Oh My Crush တေးအယ်ဘမ် ကို Audio CD အနေဖြင့် ဖြန့်ချိမည် ဖြစ်ပြီး လက်ရှိတွင် MTV အနေဖြင့် ၅ပုဒ် ရိုက်ကူး ပြီးစီး သွားပြီ ဖြစ်ကာ Audio CD ထွက်ရှိ ပြီးပါက ထပ်မံ ရိုက်ကူး သွားမည် ဖြစ်ပြီး နှစ်မကုန်ခင် ထွက်ရှိနိုင်ရန် စီစဉ် ထားသည်။

Oh My Crush တေးအယ်ဘမ် ပရိုမိုးရှင်းပွဲကို မေ ၂၁ရက်တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် နေ့လည် ၁နာရီ မှ ၄နာရီ အထိ သရုပ်ဆောင် အလင်းရောင် နှင့် အတူ ပါဝင်သည့် အနုပညာရှင်များမှ အမှတ်တရ လက်မှတ် ရေးထိုးပြီး ရောင်းချ သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly