သန်းခေါင်စာရင်း ရလာဒ်အသစ်မရှိသဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာများ မပြောင်းလဲ

သန်းခေါင်စာရင်း ရလာဒ်အသစ်မရှိသဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာများ မပြောင်းလဲ
ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင် (ဓါတ်ပုံ - မဇ္စျိမ)

ရန်ကုန် ဇူလိုင် ၃ ။       ။ သန်းခေါင်စာရင်းရလာဒ် အသစ်မရှိသဖြင့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာများ ပြောင်းလဲခြင်းမရှိဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ပြည်သူ့အင်အားဦးစီးဌာန တို့က သိရသည်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ ရရှိထားသည့် တိုင်းရင်းသားမျိုးနွယ်စု စာရင်းများ ထုတ်ပြန် နိုင်ခြင်း မရှိသေးသောကြောင့်  ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ  ရှိနေသည့် တိုင်းရင်းသား လူဦးရေဖြင့် အချိုးချ တွက်ချက်ထား၍ တိုင်းရင်းသား ရေးရာဝန်ကြီး နေရာမှာပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နေရာ အရေအတွက်နှင့်အတူူတူပင် ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ် သည်။

ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမြင့်ကြိုင်က  "၁၉၇၃၊ ၈၃ သန်းခေါင်စာရင်းအရ ရှိတဲ့ တိုင်းရင်းသား လူဦးရေ အပေါ် အချိုးချ တွက်ချက်ထားလို့ နေရာ အရေအတွက်  ပြောင်းလဲမှု မရှိတာပါ။ လူမျိုးစာရင်းကလည်း မထုတ်နိုင်သေးတော့ အရင်စာရင်းတွေအပေါ်ပဲ အခြေခံပြီး တွက်ချက်ထား တဲ့တိုင်းရင်းသား စာရင်းတွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် ကို ပေးပါတယ်" ဟု ဇူလိုင်လ ၃ရက်တွင် မဇ္ဈိမကိုပြောသည်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈နေရာနှင့်၊ တိုင်းနှင့် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၆၄၄နေရာ (နေပြည်တော်ကောင်စီမပါ) နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ၂၉နေရာ တို့ကို  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၃ရက်တွင် အသေးစိတ်ထုတ်ပြန်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောခွင့်ရအဖွဲ့ဝင် ဦးလှမောင်ချိုက  "တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေက ၂၀၁၀ အတိုင်းပဲ မပြောင်းဘူး၊ လူဦးရေကိုတော့ ၂၀၁၄ခုနှစ် သန်းခေါင်းစာရင်းရဲ့ ၅၁သန်း ပေါ်မှာ တွက်တာ။ လဝက ပေးတဲ့ ဦးရေနဲ့ တွက်တာပါ။ ဦးရေအတိအကျကို တော့ ကျွန်တော့်တို့ မသိပါဘူး" ဟု ပြောသည်။

လဝက ကောက်ယူရရှိထားသည့် စာရင်းအပေါ် အခြေခံကာ ရရှိထားသည့် တိုင်းရင်းသားရေးရာ ဝန်ကြီး အရေအတွက်များ အပေါ် မှားယွင်းမှုများရှိနေသည်ဟု တိုင်းရင်းသားအချို့တို့က ဝေဖန်နေကြသည်။

တနသာၤရီနှင့် ရန်ကုန်တို့တွင် မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးများ ရရှိရေး ကြိုးပမ်းနေသည့် မွန်အမျိုးသားပါတီ ဒု-ဥက္ကဌ(၂ ) ဦးနိုင်ငွေသိန်းက "တနသာၤရီမှာအခု  ခြောက် သောင်းလောက်ရှိတယ်၊ ရန်ကုန်မှာလည်း ငါးသောင်းထိရှိတယ် ကျွန်တော်တို့ မွန်လူငယ် တွေ တစ်အိမ်တက်ဆင်း လိုက်ကောက်ထားတာ၊ ဒါပေမယ့် အခုလို့ ၈၃၊ ၇၃ တုန်းကစာရင်းကို အခြေခံပြီးတော့ တွက်တယ်ဆိုတော့ ကျွန်တော်တို့အရမ်း နစ်နာတယ်"ဟု မဇ္ဈိမကိုပြောသည်။

ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမြင့်ကြိုင်က "သန်းခေါင်စာရင်းမျိုးနွယ်စုတွေက အရင်ထက် အများကြီး တိုးလာတယ်၊ အဲဒါတွေကို တိုင်းရင်းသားတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဖြေရှင်းရဦးမယ်၊ အဲဒီအတွက် မထုတ်ပြန်နိုင်သေးဘူး" ဟု ပြောသည်။

တိုင်းနှင့် ပြည်နယ်များတွင် ပျံနံှ့နေထိုင်သည့် တိုင်းရင်းသားများ အရေအတွက်သည် 'လျော်ကန်သင့်မြတ်သော လူဦးရေဖြစ် သည့် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ ၀ ဒဿမ ၁ရာခိုင်နှုန်းထိရှိပါက' ယင်းအရေအတွက် ရှိသည့် တိုင်း/ပြည်နယ်တွင် သက်ဆိုင် ရာ တိုင်းရင်းသား ရေးရာဝန်ကြီး တစ်ဦး (တိုင်းရင်းသားလူမျိုး အသီး သီးကရွေးကောက်တင်မြောက်သည့် ကိုယ်စားလှယ်) ကိုရွေးချယ်ခွင့်ရှိသည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည်။

၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ တိုင်းရင်းသားလူမျိုး ၁၃၅မျိုးထိ မြန်မာနိုင်ငံတွင် ရှိနေပြီး၊ ၂၀၁၄ခုနှစ် သန်းခေါင် စာရင်း ကောက်ယူရာတွင် ယင်းပမာဏထက် များစွာ တိုးပွားလာသည်ဟု ဗဟိုသန်းခေါင်စာရင်း ကော်မရှင်မှသိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး    တိုင်းရင်းသားရေးရာ ဝန်ကြီးများ
         ရန်ကုန်တိုင်း                            ရခိုင်၊ ကရင်
         မကွေးတိုင်း                                  ချင်း
        စစ်ကိုင်းတိုင်း                              ချင်း၊ ရှမ်း
        တနင်္သာရီတိုင်း                             ကရင်
        မန္တလေးတိုင်း                                 ရှမ်း
        ပဲခူးတိုင်း                                     ကရင်
       ကချင်ပြည်နယ်                    လီဆူး၊ ရဝမ်၊ ဗမာ၊ ရှမ်း
       ကယားပြည်နယ်                             ဗမာ
       ကရင်ပြည်နယ်                         ဗမာ၊ မွန်၊ ပအို့ဝ်
       မွန်ပြည်နယ်                            ဗမာ၊ ကရင်၊ ပအို့ဝ်
       ရခိုင်ပြည်နယ်                                   ချင်း
       ရှမ်းပြည်နယ်        ဗမာ၊ ကချင်၊ လီဆူး၊ အင်းသား၊ ကယန်း၊ အခါ၊ လားဟူ
       ဧရာဝတီတိုင်း                             ကရင်၊ ရခိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly