နေတိုးနှင့် ဗီယက်နမ် မင်းသမီး ဇွန်လတွင် ရုပ်ရှင်စရိုက်မည်

နေတိုးနှင့် ဗီယက်နမ် မင်းသမီး ဇွန်လတွင် ရုပ်ရှင်စရိုက်မည်

ရန်ကုန် ၊ မေ ၃ ။            ။ သရုပ်ဆောင် အကယ်ဒမီ နေတိုး ၊ ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေ တို့နှင့် ရိုက်ကူးရန် စီစဉ် ထား သည့် ရုပ်ရှင် ဇာတ်ကားကြီးကို ဒါရိုက်တာ သြရသ မှ ဇွန်လထဲတွင် စတင် ရိုက်ကူး သွားမည် ဖြစ်ကြောင်း Myanmar Media 7 မှ ကိုဝေမင်းမောင် က မဇ္ဈိမကို ပြောသည်။

ထို ဇာတ်ကားကို ဖေဖော်ဝါရီလတွင် ရိုက်ကူးရန် စီစဉ် ထားသော်လည်း ဖေဖော်ဝါရီလတွင် သရုပ်ဆောင် နေတိုး မှ သြစတြေးလျ ခရီးစဉ် ရှိနေသည့် အတွက် ဇာတ်ကား ရိုက်ကူးရန် မတ်လသို့ ရွှေ့ဆိုင်း ခဲ့ပြီး ယခု အခါမှာတော့ ဇွန်လတွင် ရိုက်ကူး သွားမည် ဖြစ်သည်။

ရုပ်ရှင် ဇာတ်ကား အတွက် ဇာတ်လမ်း ကို ဒါရိုက်တာ သည်ခေတ်နေ မှ ရေးသား ပေးထားပြီး ဒါရိုက်တာ သြရသ မှ ရိုက်ကူး သွားမည် ဖြစ်ကာ သရုပ်ဆောင် အကယ်ဒမီ နေတိုး ၊ ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေ နှင့် တခြား သရုပ်ဆောင်များလည်း ပါဝင်မည် ဖြစ်သည်။

Myanmar Media 7 မှ ကိုဝေမင်းမောင် က "ဇွန်လ မှာ ရိုက်ဖြစ်ဖို့ သေချာ သွားပါပြီ။ အခုတော့ ဗီယက်နမ် မင်းသမီးရော ကိုနေတိုးရော အင်္ဂလိပ် ဘာသာ စကားကို လေ့ကျင့် နေကြတယ်။ ပြီးတော့ အဝတ်အစားပိုင်း ကိုလည်း ပြင်ဆင် နေကြတယ် ။ ရန်ကုန်မြို့ ထဲ မှာ ပဲ ရိုက်ကူးမှာပါ" ဟု ပြောသည်။

ဇာတ်လမ်း အကြောင်းအရာ သည် မြန်မာနိုင်ငံ မှ လုပ်ငန်းရှင် တစ်ဦး အဖြစ် အကယ်ဒမီ နေတိုး မှ သရုပ် ဆောင် မည် ဖြစ်ပြီး ၎င်း မှ ဗီယက်နမ် မင်းသမီး ကို ဘေဘုတ် ကြော်ငြာများ တွင် တွေ့ရာမှ  လုပ်ငန်းရှင် တစ်ယောက် အနေ ဖြင့် ဗီယက်နမ် မင်းသမီး ကို ကြော်ငြာ ရိုက်ကူးဖို့ အတွက် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ရင်း ၎င်းတို့ နှစ်ဦး ကြားမှ ဖြစ်ပေါ်လာသည့် အချစ် ဇာတ်လမ်း တစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly