မနက်ဖြန်လွှတ်တော်တွင် ဥပဒေကြမ်း နှစ်ခုတင်းသွင်းပြီး မေးခွန်းငါးခုမေးမြန်းမည်

မနက်ဖြန်လွှတ်တော်တွင် ဥပဒေကြမ်း နှစ်ခုတင်းသွင်းပြီး မေးခွန်းငါးခုမေးမြန်းမည်

နေပြည်တော် ၊မေ ၁ ။            ။ အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်အစည်းအဝေးများ ပြန်လည်စတင်ကျင်းပမည့် မေလ ၂ ရက်နေ့တွင် လွှတ်တော် နှစ်ရပ်၌ ဥပဒေကြမ်းနှစ်ခု နှင့် ပြည်ထောင်စုအစိုးရသို့မေးခွန်းငါးခုမေးမြန်းမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီမှ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုတ်သိမ်းသည့် ဥပဒေကြမ်း ကို တင်သွင်းမည်ဖြစ်သည်။

အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ မှ လွှတ်တော်အမတ်ဦးဇော်မင်းမှ ပြည်သူ့ကောင်စီ ဥပဒေ (ဥပဒေအမှတ် ၈/၁၉၇၄ ) ကို ရုတ်သိမ်းသည့် ဥပဒေကြမ်း ကို တင်သွင်းမည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရသို့မေးမြန်းမည့် မေးခွန်းငါးခုမှာ အမျိုးသားလွှတ်တော်၌ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် နိုင်ငံဝန်ထမ်းမဟုတ်သည့် ကော်မရှင် အဖွဲ့ခွဲဝင်များအတွက် ထိုင်သင့်သည့် လစာ စရိတ်ချီးမြင့်ငွေများ ယခုအချိန်ထိ ခံစားခွင့်မရရှိသေးသည့် ကိစ္စအတွက် မည်သည်အချိန်တွင် ထုတ်ပေးသွားမည်ကို သိရှိလိုသည့် မေးခွန်းကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှလွှတ်တော်အမတ် ဦးအောင်ကြည်ညွှန့်က ပြည်ထောင်စုအစိုးရသို့ မေးမြန်းမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီအမတ် ဦးကျော်နီနိုင်မှ နောက်လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲလက်မှတ်များပေါ်တွင် ရွေးကောက်ပွဲဝင် အမတ်လောင်း၏ ဓာတ်ပုံထည့်သွင်းပေးရန် အစီအစဉ်ရှိမရှိ အမျိုးသားလွှတ်တော်တွင် မေးမြန်းမည်ဖြစ်ကာ ပြည်သူ့လွှတ်တော်တွင် လွှတ်တော်အမတ် သုံးဦးမှ ပြည်ထောင်စုအစိုးရသို့ မေးခွန်းသုံးခုမေးမြန်းသွားမည်ဖြစ်သည်။

"နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးလိုသူးများကာကွယ်သည့် ဒီဥပဒေက 10 D ခေါ်တယ် ၁၀ ဃ အမေစု ကို ၁၉၈၉ မှာ စပြီးချုပ်ခဲ့တဲ့ ဥပဒေပေါ့ ၁၀ (ဃ ) ၁၀ (ခ ) က ထောင်ထဲမှာ ထောင်ဝင်စာတွေ့ခွင့် မရပဲထိန်းသိမ်းထားတာ ဦးနုတို့ဘာတို့လည်း ၁၀ (ဃ ) နဲ့ဖမ်းဆယ် နောက်ဆုံးအာဏာရှင် ဦးနေဝင်းလည်း ၁၀ (ဃ ) နဲ့အရေးယူခံခဲ့ရတာပဲ " ဟု နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးမင်းသူကပြောသည်။

အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်အစည်းအဝေးများကို ဧပြီလ ၆ ရက်နေ့မှ စတင်ကာ ၂၆ ရက်အကြာရပ်နားခဲ့ပြီး မေလ ၂ ရက်နေ့တွင်လွှတ်တော်   နှစ်ရပ်အစည်းအဝေးများ   ပြန်လည်စတင်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly