ပြည်သူလူထု လိုလားတဲ့ နိုင်ငံရေးရည်မှန်းချက်ရအောင် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ညီနောင်သုံးဖွဲ့ပြော

ပြည်သူလူထု လိုလားတဲ့ နိုင်ငံရေးရည်မှန်းချက်ရအောင် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ညီနောင်သုံးဖွဲ့ပြော

စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက် သွားမယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရတဲ့ မြန်မာလူထုတစ်ရပ်လုံးမျှော်လင့်တောင့်တနေတဲ့ နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှု သွားမှာ မဟုတ်သလို နောက်လှည့်သွားမှာ မဟုတ်ဘူးလို့ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ကပြောကြားထားတာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးဟာ ရည်မှန်းချက်အတိုင်းအတာတစ်ခုအထိ ပြည့်ဝခဲ့ပြီဆိုပေမယ့် ရည်မှန်းချက်အလုံးစုံပြည့်ဝဖို့ ဆက်တိုက်ပွဲဝင်နေဦးမယ်လို့ ဆိုထားပါတယ်။

တရုတ်ရဲ့ ဦးဆောင်မှုနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့မှာတွေ့ဆုံခဲ့တယ်ဆိုပြီး တရုတ်နဲ့ စစ်ကောင်စီဘက်ကထုတ်ပြောပြီးနောက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က အခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရှိခဲ့သလို၊ ငြိမ်းချမ်းရေးအတွက် အဆုံးအထိ ဆောင်ရွက်ပေး သွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ၂ ရက်ဆက်တိုက် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ MNDAA, TNLA, AA အဖွဲ့က တာဝန်ရှိသူတွေဟာ နိုင်ငံရေးအရ ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

ဆွေးနွေးချက်အသေးစိတ်ကို ထုတ်ဖော်ပြောဆိုကြတာမရှိသေးပေမယ့် ဒီဇင်ဘာလကုန် အထိ အပစ်အခတ်ရပ်စဲဖို့ ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဆွေးနွေးပွဲမှာ ကိုးကန့်တပ် MNDAA ဘက်က လောက်ကိုင်ထဲမှာ ပိတ်မိနေတဲ့သူတွေ လုံခြုံစွာအပြင်ထွက်နိုင်မယ့် လူသားစာနာထွက်ခွာခွင့်ပြုရေးလမ်းကြာင်းကို ခွင့်ပြုပေးဖို့ အဓိကဆွေးနွေးခဲ့ပြီး စစ်တပ်အနေနဲ့ ဒီဇင်ဘာလကုန်မှာလည်း လောက်ကိုင်ကနေ ထွက်ခွာပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ မြောက်ပိုင်းမှာ စစ်ရှိန်လျှော့ဖို့နဲ့ တခြားဒေသကို စစ်ဘောင်မကျယ်စေဖို့ အချက်တွေကို အဓိကထားဆွေးနွေးခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်စနိုင်ဖို့အတွက်ဆိုတဲ့ အချက်တွေလည်းပါဝင်တယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးပြုလုပ်ခဲ့တဲ့ တစ်လကျော်အတွင်းမှာ ညီနောင်မဟာမိတ်အဖွဲ့တွေ ဘက်က စစ်ကောင်စီတပ်စခန်း ၂၈၀ နီးပါးနဲ့ မြို့တချို့ကို သိမ်းယူထားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာလည်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ယူနန်ပြည်နယ် ပါတီကော်မတီ လက်ထောက်အတွင်းရေးမှူးနဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသတလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly