အာဏာသိမ်းစစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သည့် လူပုဂ္ဂိုလ် လေးဦးနှင့် စစ်ကောင်စီအတွက် လက်နက်ပံ့ပိုးသူ ကုမ္ပဏီနှစ်ခုတို့ကို ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံများက ဒီဇင်ဘာ ၁၁ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထပ်တိုးထည့်သွင်းလိုက်သည်။
ယခု ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် စစ်ကောင်စီခန့် ဝန်ကြီးတဦး၊ စစ်ကောင်စီ အဖွဲ့ဝင် နှစ်ဦးနှင့် ကယားပြည်နယ်တွင် အထူးသဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ရှိသည့် စစ်တိုင်းမှူးတဦးတို့ ပါဝင်သည်ဟု အီးယူက ပြောသည်။
ထို့ပြင် မြန်မာအာဏာသိမ်းစစ်တပ် အသုံးပြုသည့် လက်နက်များနှင့် အခြားပစ္စည်းကိရိယာများကို ပံ့ပိုးထောက်ပံ့သည့် ကုမ္ပဏီနှစ်ခုဖြစ်သည့် Star Sapphire Group of Companies နှင့် Royal Shune Lei Company Limited တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ကြောင်း အီးယူက ပြောသည်။
အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းခံရသူများ၏ ဘဏ္ဍာငွေကြေးများ အပိတ်ခံရမည်ဖြစ်သလို ၎င်းတို့ကို အီးယူသို့ ခရီးသွားလာခြင်းမှ ပိတ်ပင်တားမြစ်ကြောင်း သိရသည်။