စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များနှင့် လူထုလိုလားသည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေရေး တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ ဆက်သွားနေသည်ဟု ‌မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ထုတ်ပြန်

စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များနှင့် လူထုလိုလားသည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေရေး တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ ဆက်သွားနေသည်ဟု ‌မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်ကတည်းက ထုတ်ပြန် ထားသော မိမိတို့၏စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များနှင့် လူထု လိုလားသည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေရေး တစ်ရက်မျှ ရပ်နားခြင်း မရှိဘဲ အရှိန်အဟုန်မပျက် ဆက်သွားနေသည်ဟု ‌မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဒီဇင်ဘာ ၁၁ ရက်ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။

တရုတ်အစိုးရ၏ ဆောင်ရွက်မှုဖြင့် ‌မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ တာဝန်ရှိသူများနှင့် ကူမင်းမြို့တွင် ဒီဇင်ဘာ ၁၁ ရက်က တွေ့ဆုံ ‌ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပြီးနောက် ညပိုင်းတွင် ‌မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က စစ်ရေးသတင်းများ ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်ကတည်းက ထုတ်ပြန်ထားသော မိမိတို့၏ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ ပြည့်ဝစေရန် နှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတို့အတွက် တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ အရှိန်အဟုန်မပျက် ဆင်နွှဲလျက်ရှိ‌ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး (၄၆) ရက်မြောက်နေ့သို့ ရောက်ရှိလာချိန်တွင် အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် ရန်သူ့စခန်းကြီး၊ ငယ်များနှင့် လက်နက်ချ အညံ့မခံဘဲ ခုခံထွက်ပြေး ‌နေသော ရန်သူ့တပ်ဖွဲ့ဝင်များအား အပြီးသတ်ချေမှုန်းနိုင်ရေး အတွက်  ဆက်လက်လုပ်ဆောင်လျက်ရှိ‌ကြောင်း ‌မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။

လက်နက်ချအညံ့မခံဘဲ ထွက်ပြေးတိမ်းရှောင်နေကြသည့် ရန်သူ့တပ်ဖွဲ့ဝင်များအား လိုက်လံရှာဖွေကာ ရှင်းလင်းလျက် ရှိသကဲ့သို့ ပြည်သူ့ရင်ခွင်ထဲသို့ မိမိအသိစိတ်ဓာတ်ဖြင့် ခိုလှုံဝင်ရောက်လာကြသော စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသကဲ့သို့ ၎င်းတို့ သွားလိုရာ နေရာများသို့ လုံခြုံစွာပို့ဆောင်ပေးလျက်ရှိ‌‌ကြောင်း ‌မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေး ၄၄ ရက်‌မြောက်နေ့တွင် စစ်ဆင်ရေး၏ ဒုတိယ အဆင့်ကို ဆက်လက်အကောင်အထည်ဖော်နေပြီး မြန်မာပြည်သူ များအနေဖြင့် ရရာလက်နက်ကိုင်ဆွဲကာ ရောက်သည့်နေရာမှ စစ်ကောင်စီကို တွန်းလှန်ကြရန် လိုအပ်ပြီး မဟာမိတ်သုံးဖွဲ့ အနေဖြင့်လည်း စစ်ရေးနိုင်ငံရေးရည်မှန်းချက်များ၊ မြန်မာတနိုင်ငံ လုံး၏ ရည်မှန်းချက်များကို အ‌ကောင်အထည် ဖော်နေ‌ကြောင်း ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly