'အန်ဒရစ်က ဘယ်သူလဲဆိုတာ သူတို့ကို ပြသချင်ပါတယ်'

'အန်ဒရစ်က ဘယ်သူလဲဆိုတာ သူတို့ကို ပြသချင်ပါတယ်'
Photo: EPA

အသက် ၁၇ နှစ်အရွယ်မှာ သူဟာ နေမာ၊ ပီလီတိုနဲ့ နှိုင်းယှဉ်ခံနေရပါပြီ။ ဒါပေမယ့် ဘရာဇီးလ်ဘောလုံးလောကရဲ့ နောက်ထပ်မျှော်လင့်ချက်ကောင်းတခုအဖြစ် ချီးကျူးခံရတဲ့ ဆယ်ကျော်သက်လူငယ် အန်ဒရစ်က သူအနေနဲ့  ရှေ့တန်းတင် အမွှမ်းတင် ချဲ့ကားပြောဆိုနေတာကို ဂရုမစိုက်ဘူးလို့ ပြောပါတယ်။

"ပီလီရဲ့ခြေကို ဘယ်သူမှမမီနိုင်ဘူးဆိုတာ ကျနော် သိပါတယ်။ သူက ဘောလုံးဘုရင်ပါ"လို့ ဆော်ပေါ်လိုကလပ် ပါလ်မီရက်စ်ကို နှစ်ကြိမ်ဆက်တိုက် ဘရာဇီးလ်လိဂ်ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ကာ လာမယ့်နှစ်မှာ ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့တော့မယ့် အသက် ၁၈ နှစ် လူငယ်တိုက်စစ်မှူးက ပြောပါတယ်။

"ကျနော်က အန်ဒရစ်ပဲဖြစ်ချင်တာပါ။ အန်ဒရစ်က ဘယ်သူဘယ်ဝါဆိုတာ သူတို့ကို ပြချင်ပါတယ်" လို့ သူက ဆော်ပေါ်လိုမြို့ရှိ စပွန်ဆာအသစ်နဲ့ ပွဲတခုရဲ့ အင်တာဗျူးမှာ AFP ကို ပြောခဲ့ပါတယ်။

ဘောလုံးနဲ့အတူ ကျစ်လစ်သိပ်သည်း၊ မြန်ဆန်ပြီး ပညာသားပါပါကစားဟန်ရှိတဲ့ အန်ဒရစ်ဟာ သူ့ အသက် ၁၆ နှစ်မှာ ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ကစားပြီးကတည်းက အထင်ကြီးလောက်တဲ့ ချီးကျူးဂုဏ်ပြုတာတွေခံထားရသူပါ။

သူဟာ ပါလ်မီရက်စ်ကို လိဂ်ဖလား နှစ်လုံးအပြင် ဘရာဇီးလ်စူပါဖလားနဲ့ ဆော်ပေါ်လို ပြည်နယ်ချန်ပီယံဆုတို့ကိုပါ ရယူပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့လက သူဟာ ၁၉၉၄ မှာ ရော်နယ်လ်ဒို နောက်ပိုင်း နိုင်ငံအသင်းကနေ ခေါ်ယူခံရတဲ့ အသက်အငယ်ဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်နဲ့ ပြီးခဲ့နှစ်က ဒေါ်လာ ၆၅ သန်းအပြင် အပိုဆုကြေးတွေဖြင့် ချုပ်ဆိုခဲ့တဲ့ တိုက်စစ်မှူးဟာ ဘရာဇီးလ်ဘောလုံးလောကရဲ့ ခက်ခဲတဲ့ အခိုက်အတန့်တခုမှာ ရောက်ရှိလာသူဆိုရမှာပါ။

ကမ္ဘာ့ဖလား ချန်ပီယံ ၅ ကြိမ်ရ ဘရာဇီးလ်ဟာ ၂၀၀၂ နောက်ပိုင်း ဆုဖလားကိုင်မြှောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ပြည်တွင်းဝေဖန်ရေးသမားတွေကတော့ နေမာ ဦးဆောင်တဲ့ မျိုးဆက်ဟာ ပီလီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့အောင်မြင်မှုနေ့ရက်တွေကို ပြန်လည်ရယူမပေးနိုင်းဘူးလို့ ဆိုကြပါတယ်။

"Selecao [ဘရာဇီးလ် လက်ရွေးစင်အသင်း]"ဟာ ပြီးခဲ့တဲ့လက ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ လက်ရှိချန်ပီယံ ပြိုင်ဘက် အာဂျင်တီးနားကို ပထမဆုံးအကြိမ် အိမ်ကွင်းရှုံးပွဲ အပါအဝင် သုံးပွဲဆက်တိုက် ရှုံးပွဲကြုံခဲ့ရပြီးနောက် လက်ရှိခြေစစ်ပွဲဇယားရဲ့ အနိမ့်ဆုံးအဆင့် (၆) နေရာမှာ ရပ်တည်နေပါတယ်။

အသင်းလက်ရွေးစင်နည်းပြ ဖာနန်ဒိုဒင်နီဇ်ဟာ အန်ဒရစ်ကို စတင်ပွဲထွက်စေဖို့နဲ့ ရော်နယ်လ်ဒိုနဲ့ တိုစတာအိုတို့လို ဘရာဇီးလ်ရဲ့ ကြီးကျယ်ခမ်းနားခဲ့တဲ့ နံပါတ် ၉ ကို ပေးအပ်ဖို့အတွက် အသံတွေ ကျယ်လောင်လာပါတယ်။

"ကစားသမားတော်တော်များများက နိုင်ငံအသင်းမှာ နံပါတ် ၉ ဖြစ်ချင်ကြပါတယ်။ ကျနော့်နံပါတ်အကြောင်းကို ဂရုမစိုက်ပါဘူး။ ကျနော် အဲဒီမှာ ရှိနေပြီး ကစားချင်နေရုံပါ"လို့ အန်ဒရစ်က ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly