မြန်မာမြောက်ပိုင်း ပဋိပက္ခနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အပြုသဘောဆောင်ရလဒ်များ ထွက်ခဲ့ဟု တရုတ် ပြော

မြန်မာမြောက်ပိုင်း ပဋိပက္ခနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အပြုသဘောဆောင်ရလဒ်များ ထွက်ခဲ့ဟု တရုတ် ပြော

မြန်မာတွင် အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား သီတင်းပတ်များကြာ တိုက်ပွဲများ ဖြစ်ပြီးနောက် နိုင်ငံမြောက်ပိုင်းရှိ ပဋိပက္ခနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် အပြုသဘောဆောင် ရလဒ်များ ထွက်ရှိကြောင်း တရုတ်က ဒီဇင်ဘာ ၁၁ ရက်တွင် ပြောသည်။

“မြန်မာမြောက်ပိုင်း ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ခဲ့ပြီး အပြုသဘောဆောင် ရလဒ်တွေ ရရှိတာကို တွေ့ရလို့ တရုတ်အနေနဲ့ ဝမ်းမြောက်ရပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောသည်။

ယင်းကို အောင်မြင်စေရန်အတွက် ပေကျင်းအနေဖြင့် ထောက်ခံမှုနှင့် ပံ့ပိုးမှုတို့ ဆက်လက် ပေးသွားမည် ဖြစ်ကြောင်း သူမက ပြောသည်။

“မြန်မာမြောက်ပိုင်းက အခြေအနေ ပြေလျော့သက်သာမှုက မြန်မာမှာရှိတဲ့ သက်ဆိုင်သူအားလုံးရဲ့ အကျိုးတွေကို ဖြည့်ဆည်းရာ ရောက်ပြီး တရုတ်-မြန်မာ နယ်စပ်တလျောက် တည်ငြိမ်မှုနဲ့ အေးချမ်းမှုကို ထိန်းသိမ်းရာမှာ ထောက်ကူစေတယ်လို့ မိမိတို့ ယုံကြည်တယ်” ဟု မော်က ပြောသည်။

အေအက်ဖ်ပီအနေဖြင့် မြန်မာစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူထံမှ မှတ်ချက်တောင်းခံနိုင်ခြင်း မရှိသေးပေ။

အောက်တိုဘာလက ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့က စစ်ကောင်စီကို ရုတ်တရက် တိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ အရှိန်မြင့်ဖြစ်ပေါ်ခဲ့သည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က စစ်ကောင်စီ တပ်စခန်း အများအပြားနှင့် တရုတ်နှင့် ကုန်သွယ်မှုအတွက် အရေးပါသည့် မြို့တမြို့တို့ကို သိမ်းပိုက်ခဲ့ပြီး ယင်းက ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုအတွက် အကြီးဆုံး ရင်ဆိုင်ရသည့် စစ်ရေးစိန်ခေါ်မှုဖြစ်ကြောင်း အကဲခတ်များက ပြောဆိုကြသည်။

ပြီးခဲ့သည့် သီတင်းပတ်က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်၏ ကူမင်း၌ ယူနန်ပြည်နယ် ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် တွေ့ဆုံပြီး နယ်စပ်ဒေသများတလျောက် တည်ငြိမ်၊ အေးချမ်းရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း စစ်အုပ်စု ထိန်းချုပ်သည့် ဂလိုဘယ် နယူးလိုက် အော့ဖ် မြန်မာသတင်းစာက ဖော်ပြသည်။

ပေကျင်းသည် မြန်မာစစ်အုပ်စု၏ အဓိက မဟာမိတ်နှင့် လက်နက် ထောက်ပံ့ရောင်းချသူ နိုင်ငံတနိုင်ငံဖြစ်ပြီး ၂၀၂၁ စစ်တပ်၏ အာဏာလုယူမှုကို အာဏာသိမ်းမှုအဖြစ် တံဆိပ်ကပ်ရန် ငြင်းဆိုထားသည်။

တိုင်းရင်းသား မဟာမိတ်သုံးဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုက စစ်အုပ်စုအပေါ် ဆန့်ကျင်သည့် အခြားသော အဖွဲ့များကိုလည်း လှုံ့ဆော်ပေးခဲ့သည်။

နိုင်ငံ၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်းသို့ တိုက်ပွဲများ ကူးစက်ပျံ့နှံ့ခဲ့ပြီး လူငါးသိန်းကျော်ကို ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာထွက်ပြေးထားရစေကြောင်း ကုလသမဂ္ဂက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly