လှေစီးပြေးရိုဟင်ဂျာ ၄၀၀ ခန့် အင်ဒိုနီးရှားသို့ ထပ်မံ ရောက်ရှိလာ

လှေစီးပြေးရိုဟင်ဂျာ ၄၀၀ ခန့် အင်ဒိုနီးရှားသို့ ထပ်မံ ရောက်ရှိလာ

ထိခိုက်ယိုယွင်းနေသော လှေများဖြင့် ရိုဟင်ဂျာ ၄၀၀ ခန့် ဒီဇင်ဘာ ၁၀ ရက်က အင်ဒိုနီးရှား၏ အာချေးပြည်နယ်သို့ ရောက်ရှိလာကြောင်း ဒေသငါးဖမ်းအစုအဖွဲ့တခု၏ အကြီးအကဲဖြစ်သူက အတည်ပြုသည်။ မွတ်စလင်လူနည်းစုဝင် ရိုဟင်ဂျာများ များမကြာမီကာလအတွင်း အင်ဒိုနီးရှားသို့ ဆက်တိုက်ဆိုသလို တရဟော ရောက်ရှိလာပြီးနောက် ယခုတဖန် နောက်ထပ် ရိုဟင်ဂျာများ ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၀ ရက် ဆိုက်ရောက်လာသူများ မတိုင်မီ မြန်မာမှ ဖိစီးနှိပ်စက်ခံ လူနည်းစုဖြစ်သည့် ရိုဟင်ဂျာ ၁,၂၀၀ သည် နိုဝင်ဘာလနောက်ပိုင်း အင်ဒိုနီးရှားသို့ ကမ်းကပ်ရောက်ရှိထားခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNHCR) က ပြောသည်။

ရိုဟင်ဂျာများ လိုက်ပါလာသည့် လှေနှစ်စီးသည် ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းက ပြည်နယ်သို့ ရောက်ရှိလာကြောင်းနှင့် တစီးက ပီဒိုင်ခရိုင်နှင့် အခြားတစီးက အာချေး ဘီဆာခရိုင်သို့ ရောက်ရှိခြင်းဖြစ်ကြောင်း အာချေးရှိ ငါးဖမ်းအစုအဖွဲ့ အကြီးအကဲ မစ္စတာ မစ်ဖ်တာ ကတ် အက်ဒီက ပြောသည်။

လှေတစီးစီတွင် ခန့်မှန်းခြေအားဖြင့် ရိုဟင်ဂျာ ၂၀၀ ခန့် လိုက်ပါလာကြောင်း ၎င်းက ပြောသည်။

ရိုဟင်ဂျာ ၁၈၀ ဦးခန့် မနက် ၄ နာရီခန့်တွင် ပီဒိုင်ခရိုင်သို့ ရောက်လာရှိကြောင်းနှင့် အချက်အလက်များ စုဆောင်းရယူရန် တာဝန်ရှိသူများက ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်နေကြောင်း ဒေသရှိ စစ်တပ်အရာရှိတဦးဖြစ်သည့် မစ္စတာ အန်ဒီ ဆူဆန်တိုကလည်း ပြောသည်။

နောက်ထပ် ဒုတိယမြောက် လှေတစီး ရောက်ရှိမှုကို စစ်တပ်အနေဖြင့် သိရှိထားကြောင်း၊ သို့သော် ထိုလှေ မည်သည့်နေရာတွင် ဆိုက်ကပ်သည် နှင့် လှေပေါ်တွင် လူမည်မျှ လိုက်ပါလာသည် ဆိုသည်နှင့်ပတ်သက်ပြီး အချက်အလက်ကို မရရှိသေးကြောင်း ၎င်းက ပြောသည်။

မကြာသေးခင်က လှေစီးပြေးရိုဟင်ဂျာများ ရောက်ရှိမှု များပြားနေခြင်း၏ နောက်ကွယ်တွင် လူမှောင်ခိုကူးမှု ရှိသည်ဟု သံသယရှိကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားပြီး ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်မည်ဟု ကတိပြုသည်။

အင်ဒိုနီးရှားသည် ၁၉၅၁ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းတွင် ပါဝင်လက်မှတ်ထိုးထားသည့် နိုင်ငံ မဟုတ်သော်လည်း ယင်းနိုင်ငံ၏ ကမ်းခြေများသို့ ဆိုက်ရောက်လာသည့် ဒုက္ခသည်များကို လက်ခံပေးသည့် သမိုင်းတခု ရှိသည်။  

သို့သော် မကြာသေးခင်က နိုင်ငံသို့ ရိုဟင်ဂျာများ ရောက်ရှိမှုများပြားခြင်းကြောင့် ဆိုရှယ်မီဒီယာတွင် လူအများ၏ တုံ့ပြန်မှုကို ပေါ်ပေါက်စေသလို ရိုဟင်ဂျာလှေအများစု ဆိုက်ရောက်သည့် အာချေးပြည်နယ်မှ ဒေသခံများထံမှလည်း ရိုဟင်ဂျာတို့ကို လက်ခံရန် ငြင်းဆန်မှုတချို့ကို ဖြစ်ပေါ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly