ကမ္ဘာတဝန်း လူ့အခွင့်အရေးချိုးဖောက်သူ ဒါဇင်များစွာကို အမေရိကန်၊ ယူကေနှင့် ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့

ကမ္ဘာတဝန်း လူ့အခွင့်အရေးချိုးဖောက်သူ ဒါဇင်များစွာကို အမေရိကန်၊ ယူကေနှင့် ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်ကြေညာမှု၏ ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က ချိတ်ဆက်ညှိနှိုင်းပြီး ဒီဇင်ဘာ ၈ ရက်က ကမ္ဘာတဝန်းရှိ လူ့အခွင့်အရေး မတရားဖိနှိပ်သူ ဒါဇင်များစွာကို ဒဏ်ခတ်ပိတ်ဆို့မှုများအသစ်များ ချမှတ်သည်။

ဒဏ်ခတ်ပိတ်ဆို့ခံရသည့် ရှည်လျားသည့် စာရင်းတွင် အွန်လိုင်းအလိမ်အညာလုပ်ငန်းများ ပါဝင်ပတ်သက်နေသည့် အရှေ့တောင်အာရှမှ လူကုန်ကူးသူများမှစပြီး အာဖဂန်နစ္စတန်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသည့် တာလီလန်အရာရှိများနှင့် ဟေတီရှိ ပြည်သူထုအပေါ် ထိခိုက်စေသည့် ဂိုဏ်းခေါင်းဆောင်များအထိ ပါဝင်သည်။

ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ မတိုင်မီ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်း ၄၆ ခုကို ပိုင်ဆိုင်မှုထိန်းချုပ်ခြင်း၊ ခရီးသွားလာမှု ပိတ်ပင်ခြင်းဖြင့် အရေးယူဒဏ်ခတ်ကြောင်း ဗြိတိန်က ပြောသည်။

အလားတူ အမေရိကန်ကလည်း နိုင်ငံ ၁၃ နိုင်ငံမှ လူ ၃၇ ဦးကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့သလို ပူးတွဲလုပ်ဆောင်ချက်၏ တစိတ်တဒေသအဖြစ် ကနေဒါကလည်း လူပုဂ္ဂိုလ် ခုနစ်ဦးကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သည်။

“ကမ္ဘာတဝန်းက သာမန်ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေအပေါ် နင်းခြေတဲ့ ဖိနှိပ်တဲ့ အစိုးရတွေနဲ့ ပြစ်မှုကျူးလွန်သူတွေကို မိမိတို့ သည်းခံသွားမှာ မဟုတ်ပါဘူး” ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန်းက ပြောသည်။

“ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်ကြေညာအပြီး ၇၅ နှစ် ပြည့်မြောက်ချိန်မှာ ယူကေနဲ့ မိမိတို့ရဲ့ မဟာမိတ်တွေဟာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်ငြင်းဆန်မယ့်သူတွေကို မဆုတ်မနစ် ဆက်လက် ပစ်မှတ်ထားအရေးယူသွားမှာဖြစ်တယ်ဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်း ဆိုချင်ပါတယ်”

လူသားအားလုံးအတွက် အခြေခံ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအတွက် လိုရင်းအချုပ် ဖော်ပြထားသည့် အထင်ကရ ကြေညာစာတမ်းကို ကုလသမဂ္ဂ၏ အစပိုင်းနေ့ရက်များအတွင်း ၁၉၄၈ ဒီဇင်ဘာ ၁၀ ရက်က သဘောတူလက်ခံခဲ့ခြင်းဖြစ်သည်။

ယူကေ၏ ပစ်မှတ်ထား အရေးယူသည့် စာရင်းတွင် တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များနှင့် လူ့အခွင့်အရေး ခုခံကာကွယ်သူများအပေါ် နိုင်ငံရေးအရ အရင်းခံသည့် တရားစွဲဆိုမှုများအတွက် တာဝန်ရှိသည့် အစိုးရရှေ့နေများအပါအဝင် ဘယ်လာရုစ်၏ တရားရေးပိုင်းမှ အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည်။

အီရန်နိုင်ငံ၏ hijab ဥပဒေကို ပြဋ္ဌာန်းအသက်ဝင်စေမှုအတွက် တာဝန်ရှိသည့် လူပုဂ္ဂိုလ် ၅ ဦးလည်း ဒဏ်ခတ်ပိတ်ဆို့ခံရသလို အွန်လိုင်းငွေလိမ်ဂိုဏ်များတွင် အလုပ်လုပ်စေရန် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတွင် လူကုန်ကူးမှုများအတွက် လူကိုးဦးလည်း ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ခံရသည်။

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်ကို တာလီဘန်အဖွဲ့ ထိန်းချုပ်ပြီးနောက် အမျိုးသမီးများနှင့် မိန်းကလေးများကို စာသင်ကျောင်းများမှ ပိတ်ပင်သည့် ဆုံးဖြတ်ချက်ကို ချမှတ်မှုတွင် ပါဝင်ခဲ့သည့် အကြီးတန်းတာလီဘန်အရာရှိတဦးလည်း ပါဝင်သည်။

ကနေဒါ၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ချေချင်းညာတွင် LGBTQ အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသည့် ရုရှားလေးဦးနှင့် မြန်မာရှိ စစ်အာဏာသိမ်းအုပ်စု၏ ခေါင်းဆောင်တို့ ပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly