ထိုင်းတွင် နှစ်ထပ်ကား လမ်းချော်ပြီး သစ်ပင်ဝင်တိုက်ရာမှ လူ ၁၄ ဦး သေဆုံး 

By Khabarhub 
05 December 2023
ထိုင်းတွင် နှစ်ထပ်ကား လမ်းချော်ပြီး သစ်ပင်ဝင်တိုက်ရာမှ လူ ၁၄ ဦး သေဆုံး 

ထိုင်းနိုင်ငံတွင် နှစ်ထပ်ဘတ်စ်ကားတစင်း လမ်းချော်ပြီး သစ်ပင်ဝင်တိုက်ရာမှ လူ ၁၄ ဦး သေဆုံးသည်။ 

ထိုသို့ လမ်းချော်ပြီး သစ်ပင်ဝင်တိုက်ရာတွင် ကားရှေ့ပိုင်းမှာ နှစ်ခြမ်းကွဲပြီး သစ်ပင်က ကားကို စို့ရိုက်ထားသကဲ့သို့ ရှိနေသည်ကို အွန်လိုင်းဓာတ်ပုံများတွင် မြင်တွေ့ရသည်။ 

နိုင်ငံတောင်ပိုင်း ပရာချပ်ခီရီခန်းပြည်နယ်က ယင်း ယာဉ်မတော်တဆမှု၌  ထိခိုက်ဒဏ်ရာရသူ ၃၂ ဦး ရှိသည်။ 

ထိုင်းနိုင်ငံသည် ကမ္ဘာတွင် ယာဉ်မတော်တဆမှု အမြင့်ဆုံး၌ ပါဝင်ပြီး နှစ်စဉ် သေဆုံးသူ ထောင်နှင့်ချီ ရှိနေသည်။ 

တော်တော်များများသော ယာဉ်မတော်တဆမှုများမှာ နိုင်ငံ၏ အသွားအလာများသော လမ်းများ၌ ဘေးကင်းရေး စံနှုန်းများ  နည်းပါးခြင်းကြောင့် ဖြစ်သည်။ 

၂၀၂၂ ခုနှစ် တနှစ်တည်းမှာပင် ထိုင်းလမ်းများ၌  လူပေါင်း ၁၅,၀၀၀ အနည်းဆုံး သေဆုံးရကြောင်း နိုင်ငံ၏ လမ်းမတော်တဆမှု အချက်အလက် စင်တာအရ သိရသည်။ ဗြိတိန်တွင် ထိုနှစ်၌ လမ်းမတော်တဆမှုကြောင့် သေဆုံးနှုန်းက ၁,၇၀၀ ရှိသည်။ 

၂၀၂၁ ခုနှစ်၌ ထိုင်းနိုင်ငံအတွင်း သေဆုံးနှုန်း စုစုပေါင်း၏ သုံးပုံတပုံနီးပါးသည် လမ်းမတော်တဆမှုနှင့် ဆက်စပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအရ သိရသည်။ 

တနင်္လာနေ့ ညပိုင်းက ဖြစ်ပွားသော ယခု ယာဉ်တိုက်မှုအတွက် အကြောင်းရင်းကို အတည်မပြုရသေးဘဲ ကားမောင်းသူ အိပ်ရေးမဝ၍ ဖြစ်ရသည်ဟု ရဲက ယူဆထားကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။ 

ကားဒရိုင်ဘာမှ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသော်လည်း အသက်ရှင်ခဲ့သည်။ အာဏာပိုင်များက ၎င်း၏ သွေးတွင်း အယ်လ်ကိုဟော ပါဝင်မှုကို စစ်ဆေးလျက်ရှိသည်ဟု ယင်းသတင်းဌာနက ဆိုသည်။ 

ယာဉ်မတော်တဆမှုအတွင်း သေဆုံးရသူများ မည်သူမည်ဝါ ဖြစ်ကြောင်းကို ရဲက စစ်ဆေးလျက် ရှိနေသည်။ 

ပရာချပ်ခီရီခန်းပြည်နယ်သည် ကမ်းခြေများ၊ လိုဏ်ဂူများနှင့် တောင်တက်ခြင်းများကြောင့် ခရီးသွားများကြား ရေပန်းစားရာ ပြည်နယ်ပဲ ဖြစ်သည်။ 

ထိုင်းနိုင်ငံအနေဖြင့် ယာဉ်မတော်တဆမှုကြောင့် သေဆုံးနှုန်းကို လက်ရှိ နှုန်းထား၏ ထက်ဝက်အဖြစ် ၂၀၂၇ တွင် လူ ၁၀၀,၀၀၀ ၌ ၁၂ ဦး မကျော်လွန်အောင် ရည်မှန်းချက်ထားထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly