ကမ္ဘောဒီးယား၏ ဖူနန် တက်ကို တူးမြောင်းက အပြောင်းအလဲဖြစ်စေမည့် စီမံကိန်းလား

By Khmer Times
05 December 2023
ကမ္ဘောဒီးယား၏ ဖူနန် တက်ကို တူးမြောင်းက အပြောင်းအလဲဖြစ်စေမည့် စီမံကိန်းလား

သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံတနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားသည် အခွင့်အလမ်းများစွာနှင့် ထုတ်မသုံးရသေးသော အလားအလာများ ရှိရာ နိုင်ငံတနိုင်ငံ ဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် လုံးဝဥဿုံ ငြိမ်းချမ်းမှု ရရှိပြီးနောက် ပြီးခဲ့သည့် ဆယ်စုနှစ် သုံးစုတာအတွင်း နိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးဆီသို့ တက်လှမ်းလာခဲ့သည်။

ကမ္ဘောဒီးယား၏ နယ်ပယ်အမြင်တွင် ရည်မှန်းချက်အကြီးမားဆုံးနှင့် အပြောင်းအလဲဆုံးသော စီမံကိန်းများအနက် တခုက ဖူနန် တက်ကို တူးမြောင်း ဖြစ်ပြီး ယင်းသည် နိုင်ငံ၏ အနာဂတ်ကို ပုံစံအသစ်သွင်းနိုင်သည့် ဧရာမ ကြိုးပမ်းအားထုတ်မှုတခု ဖြစ်သည်။

ဘာကြောင့် ဖူနန်ဟု အမည်ပေးတာလဲ

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၌ တည်ရှိပြီး အိန္ဒိယယဉ်ကျေးမှု လွှမ်းမိုးသော ရှေးဟောင်းတိုင်းပြည်တခုဖြစ်သည့် ဖူနန်သည် အေဒီ ၁ ရာစုမှ ၆ ရာစုအထိ ရှင်သန်စည်ပင်ခဲ့သည်။ ဖူနန်သည် ယင်း၏ စီးပွားရေးဗဟိုချက်နှင့် ပင်လယ်ကမ်းခြေဒေသများကို ချိတ်ဆက်သော ရှုပ်ထွေးသည့် တူးမြောင်းများ ကွန်ရက်တခုကို အသားပေးပြီး ယင်းက ဖူနန်၏ အဓိကဧရိယာကို အတူတကွ ပုံဖော်သည်။ ထိုခေတ်အတွင်း အန်ကော ဘော်ရေးသည် စီးပွားရေးနှင့် ယဉ်ကျေးမှု လှုပ်ရှားမှုများ၏ အချက်အချာဖြစ်ခဲ့သည်။ ဆိုရလျင် ဖူနန်သည် စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှု၏ ဥပမာတခုကို ကိုယ်စားပြုသည်။

ဖူနန် တက်ကို တူးမြောင်း စီမံကိန်းကို မဲခေါင်၏ စီးပွားရေးနှင့် ယဉ်ကျေးမှု တံခါးပေါက် ဖြစ်စေရန် အသွင်ပြောင်းမည့် ကမ္ဘောဒီးယား၏ ကြိုးပမ်းအားထုတ်မှုအဖြစ် သဘောထားနိုင်သည်။

စီမံကိန်းကို ၂၀၂၃ မေလ ၁၉ ရက် အမျိုးသားလွှတ်တော်၏ ခြောက်ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် အတည်ပြုခဲ့သည်။ ၂၀၂၃ ဇွန်လ ၇ ရက်တွင် အစိုးရက စီမံကိန်း အကောင်အထည်ဖော်ရန် ဝန်ကြီးအဆင့် ကော်မရှင်တရပ်ကို ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၂၃ အောက်တိုဘာ ၁၇ ရက်တွင် စီမံကိန်းနှင့်ပတ်သက်ပြီး တရုတ်၏ တံတားနှင့် လမ်း ကော်ပိုရေးရှင်း (CRBC) ကို ဖြစ်နိုင်ခြေလေ့လာမှုတရပ် လုပ်ဆောင်ခွင့်ပြုမည့် သဘောတူညီချက်ကို ကမ္ဘောဒီးယားက လက်မှတ်ထိုးခဲ့သည်။

မဲခေါင်မြစ်၏ တက်ကီအို တူးမြောင်းမှ ပင်လယ်ကမ်းရိုးတန်း ကက်(ပ်) ပြည်နယ်အထိ ကီလိုမီတာ ၁၈၀ ခန့် ဆန့်တန်းသည့် တူးမြောင်းသည် ပြည်နယ်လေးခုဖြစ်သော ကန်ဒဲလ်၊ တက်ကီအို ၊ ကမ်ပေါ့ နှင့် ကက်(ပ်) တို့ကို ဖြတ်သန်းသွားသည်။ အဆိုပါ ရေကြောင်းသည် ကမ္ဘောဒီးယားအတွက် ပြောင်းလဲစေမည့်အရာ game changer တခု ဖြစ်ရန် ရှိနေသည်။

ဖူနန် တက်ကို တူးမြောင်းသည် ထူးခြားသည့် အင်ဂျင်နီယာလုပ်ငန်း စွမ်းဆောင်မှုတခုဖြစ်ရန် ပုံစံထုတ်ထားသည်။ အနံဗြက် ရေဆန် ၁၀၀ မီတာ၊ ရေစုန် ၈၀ မီတာ၊ အနက် ၅ ဒသမ ၄ မီတာ ရှိသည့် တူးမြောင်းသည် နှစ်လမ်းသွား ရေကြောင်းအသွားအလာကို ဝင်ဆံ့စေလိမ့်မည် ဖြစ်ပြီး DWT တန်ချိန် ၃,၀၀၀ အထိ ရှိသည့် သင်္ဘောများကို လက်ခံပေးနိုင်သည်။ တူးမြောင်းကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ တည်ဆောက်ပြီး ဆောက်လုပ်မှုတွင် ဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးကို ဦးစားပေးသည်။

ထို စီမံကိန်း၏ သတိပြုမိလောက်အောင် ထင်ရှားသည့် လက္ခဏာသွင်ပြင်များအနက် တခုက စီမံကိန်းရေးဆွဲမှုဆိုင်ရာ စေ့စပ်သေချာမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထည့်သွင်းစဉ်းစားသုံးသပ်ထားမှုတို့ဖြစ်သည်။ စီမံကိန်း အတည်ပြုချက် မပေးမီက အစိုးရက အလေးအနက် လေ့လာသုံးသပ်မှုတရပ် လုပ်ဆောင်ခဲ့ပြီး နည်းပညာ၊ ဥပဒေ၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ လေ့လာမှုများနှင့် ဝန်ကြီးအဆင့် တိုင်ပင်ညှိနှိုင်းဆွေးနွေးမှုများကို အချိန်နှစ်နှစ်ကျော်ကြာ လုပ်ဆောင်ခဲ့သည်။

အဆိုပါ ပြည့်စုံကျယ်ပြန့်သည့် လုပ်နည်းကိုင်နည်းကြောင့် တူးမြောင်းသည် စီးပွားရေးကို အကျိုးဖြစ်စေရုံတင်မကဘဲ ဒေသ၏ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟန်ချက်ကို ကူညီထိန်းသိမ်းစောင့်ရှောက်စေရန် သေချာစေသည်။ တည်ဆောက်မှုအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတချို့ ဖြစ်ကောင်းဖြစ်နိုင်သည်ကို လက်ခံနိုင်သော်လည်း ယင်းတို့ကို နည်းနိုင်သမျှနိုင်စေရန် အစီအမံများ လုပ်ဆောင်မည် ဖြစ်သည်။

ဖူနန် တက်ကို တူးမြောင်းသည် ကြီးမားသည့် အခြေခံအဆောက်အအုံ စီမံကိန်းတခု ဖြစ်ရုံသာမက ယင်း၏ လမ်းကြောင်းတလျောက် နေထိုင်သည့် လူပေါင်း ၁ ဒသမ ၆ သန်းအတွက် အသက်သွေးကြောတခုလည်း ဖြစ်သည်။ အချိန်တိုတိုနှင့် အကျိုးများ၊ ခရီးရောက်သည့် သယ်ယူပို့ဆောင်မှုနှင့် ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေခြင်းအားဖြင့် ယင်းက အဆိုပါ လူအစုအဖွဲ့များအတွက် စီးပွားရေး အခွင့်အလမ်းများ ဆောင်ကြဉ်းပေးမည့် အလားအလာ ရှိသည်။

စီမံကိန်းသည် ၁၉၉၅ မဲခေါင် သဘောတူညီချက် အပိုဒ်ခွဲ( ၅ )နှင့်လည်း ကိုက်ညီသည်။ ထို သဘောတူညီချက် အပိုဒ်ခွဲ (၅) တွင် ဖူနန် တက်ကို တူးမြောင်း အပါအဝင် မဲခေါင်မြစ်၏ မြစ်လက်တက်များပေါ်ရှိ စီမံကိန်းများသည် ပူးတွဲကော်မတီထံ အကြောင်းကြား သတိပေးချက်များကို လိုက်နာရမည်ဟု ပြဋ္ဌာန်းထားသည်။ ကမ္ဘောဒီးယားသည် အဆိုပါ ပြဋ္ဌာန်းချက်ကို မှန်မှန်ကန်ကန် လိုက်နာပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအပေါ် နှစ်မြှုပ်ကတိပြုမှုကို ထုတ်ဖော်ပြသသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly