စစ်ကောင်စီတပ်ဖွဲ့တွေ လက်နက်ချဖို့ တော်လှန်ရေးအဖွဲ့တွေ စုပေါင်းတိုက်တွန်း

စစ်ကောင်စီတပ်ဖွဲ့တွေ လက်နက်ချဖို့ တော်လှန်ရေးအဖွဲ့တွေ စုပေါင်းတိုက်တွန်း

စစ်ကောင်စီလက်အောက်မှာရှိနေတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အားလုံး အချိန်မနှောင်းခင် လက်နက်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအဖွဲ့ ခြောက်ဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့ က ကြေညာချက်တစ်စောင် စုပေါင်းထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနဲ့  အတင်းအဓမ္မ ရှေ့တန်းစေလွှတ်ခံရသူများအတွက် အထူးတိုက်တွန်းနှိုးဆော်ချက်ကို NUG၊ Kachin Ginra Peoples Embrace Zinlum Komiti(KPEZ) ၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသားများဖက်ဒရယ်ကောင်စီ (PNFC)၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တို့က နိုဝင်ဘာ ၂၇ရက် ညနေပိုင်းမှာ  ပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီ စုပေါင်းကြေညာချက်မှာ စစ်ကောင်စီက ပြည်ထောင်စုကို သူတို့ကာကွယ်စောင့်ရှောက်နေရတယ်လို့ အကြောင်းပြနေပေမဲ့ တကယ်လက်တွေ့မှာ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သူတို့မိသားစုဝင်တွေကသာ နိုင်ငံရေးနဲ့ စီးပွားရေး အခွင့်ထူးခံနေခဲ့ကြတာဖြစ်ကြောင်းနဲ့ အဲဒီ အာဏာရှင်စနစ်ဟာ မကြာခင်ချုပ်ငြိမ်းတော့မှာ ဖြစ်တဲ့အတွက် လက်ရှိစစ်ကောင်စီသြဇာခံတပ်ဖွဲ့တွေအနေနဲ့ နီးစပ်ရာတော်လှန်အင်အားစုတွေနဲ့ ဆက်သွယ်ပြီး လက်နက်ချဖို့ ဖော်ပြထားပါတယ်။

လက်နက်ချသူတွေကို ဖမ်းဆီးနှိပ်စက်မှာမဟုတ်ဘဲ မိသားစုဝင်တွေရဲ့ လုံခြုံရေးနဲ့ ပြန်လည်အခြေချရေးအတွက် ကူညီမယ်လို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့  တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေ အားလုံးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ်တည်ထောင်ရေး ဆိုတဲ့ တူညီတဲ့  ရည်မှန်းချက်တွေနဲ့အတူ မဟာဗျူဟာမြောက် ထိုးစစ်တွေကို မြန်မာနိုင်ငံအနှံ့အပြားမှာ စတင်ဆင်နွှဲနေကြပြီဖြစ်သလို အချိန်တိုအတွင်း စခန်းသိမ်း၊ မြို့သိမ်းအောင်ပွဲများစွာ ရယူစွမ်းဆောင်ထားနိုင်ကြပြီး မကြာခင် အကြမ်းဖက် စစ်အုပ်စုဟာ ဆက်လက်ရပ်တည်နိုင်စွမ်း မရှိတော့ဘဲ မုချရှုံးနိမ့်ကျဆုံးတော့မှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

ပြည်သူ့နွေဦး တော်လှန်ရေး(၃)နှစ်ခန့်ကာလအတွင်း တနိုင်ငံလုံးအနှံ့အပြား ပြည်သူ့ရင်ခွင်ခိုလှုံလာကြတဲ့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ ပြည်သူ့စစ်စုစုပေါင်း (၁၄,၀၀၀) ကျော်ရှိနေပြီဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ကရင်နီပြည်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တစ်လေးလုံးစစ်ဆင်ရေး စတင်ချိန်ကစပြီး နိုဝင်ဘာ ၂၅ ရက်နေ့အထိ စစ်ကောင်စီဘက်က လက်နက်ချတဲ့ တပ်မတော်သား ၅၉ ယောက်အထိ ရှိတယ်လို့ KNDF က ပြောကြားထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်မှာလည်း စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၁၂၉) တပ်ရင်းတစ်ရင်းက တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင်အပါအဝင် တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် စုစုပေါင်း ၂၆၁ ယောက်ဟာ နိုဝင်ဘာလ ၁၂ ရက်နေ့က MNDAA ကို ဆက်သွယ်ပြီး လက်နက်ချအလင်းဝင်လာတာလို့ MNDAA ကပြောကြားထားပါတယ်။

ဒါကြောင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး တစ်လမပြည့်ခင် နိုဝင်ဘာ ၂၁ ရက်နေ့အထိရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ စစ်ကောင်စီဘက်က တပ်ရင်းနှစ်ရင်းအပါအဝင် လက်နက်ချ အလင်းဝင်တဲ့ စစ်တပ်နဲ့ ရဲအင်အား သုံးရာခန့်ရှိလာနေပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly