တရုတ် ရေတပ်သင်္ဘော ၃ စင်း မြန်မာကိုရောက်

တရုတ် ရေတပ်သင်္ဘော ၃ စင်း မြန်မာကိုရောက်

နယ်စပ် မတည်ငြိမ်မှုတွေကြောင့် နှစ်ဖက် ဆက်ဆံရေးအပေါ် ရိုက်ခတ်မှုတွေ ရှိနေချိန်မှာ စစ်ရေယာဉ်ဝန်ထမ်း ၇၀၀ နီးပါးလိုက်ပါလာတဲ့ တရုတ်စစ်သင်္ဘော ၃ စင်း ဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးအနေနဲ့ ဆိုက်ကပ်ရောက်ရှိလာခဲ့ပါတယ်။

နိုဝင်ဘာ ၂၇ ရက်တုန်းက ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်းကို တရုတ် ရေတပ်သင်္ဘော ၃ စင်း ဆိုက်ကပ်ခဲ့တယ်လို့ ပြည်သူ့ လွတ်မြောက်ရေး ရေတပ် (PLAN)က ထုတ်ပြန်ခဲ့ပါတယ်။

ပဲ့ထိန်း ဒုံးကျည်တပ် ဖျက်သင်္ဘော Ziboနဲ့ ပဲ့ထိန်း ဒုံးကျည်တပ် ဖရီးဂိတ် စစ်သင်္ဘော Jingzhouတို့ နှစ်စီးရဲ့ ကမ်းကပ် ခရီးစဉ်ကို မြန်မာ ရေတပ် ဖရီးဂိတ် တစ်စီးက ခြံရံ စောင့်ရှောက်ပေးခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီတရုတ်ရေတပ်အဖွဲ့ဟာ ရန်ကုန်မြို့က အထင်ကရ နေရာတွေကိုလည်ပတ်မှာဖြစ်သလို နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေပြုလုပ်မယ်လို့ဆိုပါတယ်။

အဲဒီ စစ်သင်္ဘောတွေအပြင် PLANရဲ့ ထောက်ပံ့ရေး သင်္ဘော Qindaohuကလည်း ၄ ရက်ကြာ ခရီးစဉ်မှာ လိုက်ပါလာခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ အစိုးရ မီဒီယာတွေက ဖော်ပြပါတယ်။

တရုတ်ရဲ့ အမှတ် ၄၄ ရေတပ်ဖွဲ့မှာ ပါဝင်တဲ့ သင်္ဘောတွေဟာ မြန်မာနဲ့ ပူးပေါင်းပြီး လေ့ကျင့်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီခရီးစဉ်ထဲမှာ မြန်မာတပ်မတော်က အဆင့်မြင့်အရာရှိတွေနဲ့ ဆွေးနွေးတာ၊ မူလတန်းကျောင်းက ဆရာတွေ ကျောင်းသားတွေနဲ့ တွေ့ဆုံတာ၊ ရေတပ်အရာရှိချင်း ကျွမ်းကျင်မှု ဖလှယ်တာ၊ အားကစားပြိုင်ပွဲကျင်းပတာတွေ လုပ်သွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

တရုတ် - မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ နဲ့ စစ်ကောင်စီတို့ကြားစစ်ရေးပြင်းထန်နေချိန်မှာ တရုတ်ဟာ စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေးတွေလုပ်နေတာလည်းဖြစ်ပါတယ်။

တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong ဟာ အခု နိုဝင်ဘာလ ၃ ရက်မှာ မြန်မာနိုင်ငံကိုရောက်ရှိလာပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး နဲ့တွေ့ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နယ်စပ်ပြဿနာတွေ ရှိနေပေမဲ့ ကုန်းတွင်းပိုင်း ယူနန်ပြည်နယ်နဲ့ စီးပွားရေး၊ မြန်မာဆီက စွမ်းအင်မှီခိုနေရမှု၊ မြန်မာကိုဖြတ်ပြီး ဘင်္ဂလားဒေရှ့်တို့ အာဖရိက အရှေ့ခြမ်းတို့နဲ့ အကျိုးစီးပွား ဆိုင်ရာကိစ္စတွေကြောင့် မြန်မာနိုင်ငံဟာ တရုတ်အတွက် မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

နယ်စပ်လုံခြုံရေးအတွက် မြန်မာနယ်စပ်နားမှာ စစ်ရေးလေ့ကျင့်နေတဲ့ တရုတ်ဟာ တဖက်မှာလည်း စစ်ကောင်စီနဲ့ သံတမန်ရေးအရ စကားပြောဆိုနေတာတွေ ဆက်တိုက်ရှိနေတာဖြစ်ပါတယ်။

တရုတ်ဟာ စစ်ကောင်စီရဲ့ အဓိက မိတ်ဖက်နိုင်ငံဖြစ်သလို၊ မြန်မာစစ်တပ်ကို အဓိက စစ်လက်နက်ထောက်ပံ့ပေးနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကိုတော့ အားပေးထောက်ခံဖို့ ငြင်းဆိုထားသလို၊ ရှမ်းမြောက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ထုတ်ဖော်ပြောဆိုထားပါသေးတယ်။

အခုနိုဝင်ဘာလ ၇ ရက်ကလည်း ရုရှားရဲ့ စစ်သင်္ဘောသုံးစီး ရောက်ရှိလာပြီး ပထမဆုံးအကြိမ်အဖြစ် မြန်မာ-ရုရှားရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly