စစ်အာဏာသိမ်းမှုကြောင့် မြန်မာမှာ ရာသီဥတုအပြောင်းအလဲအန္တရာယ် ပိုမိုဆိုးရွားလာကြောင်း ကုလပြော

စစ်အာဏာသိမ်းမှုကြောင့် မြန်မာမှာ ရာသီဥတုအပြောင်းအလဲအန္တရာယ် ပိုမိုဆိုးရွားလာကြောင်း ကုလပြော

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး အကျပ်အတည်းတွေသာမက မြန်မာပြည်သူတွေ ရာသီဥတုဒဏ်ကိုလည်း ပိုပြီးခံစားရနိုင်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူတွေ က သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးနဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး တာဝန်ရှိမှုများဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဘွိုက်ဒ် David Boyd ယူအေအီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဘောင်ညီလာခံ COP28 မှာ မြန်မာနိုင်ငံနဲ့ ပက်သက်တဲ့ဆွေးနွေးချက်တွေကို နိုဝင်ဘာ ၂၇ ရက်က ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ရာသီဥတုကြောင့်ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုဒဏ်တွေ လျော့နည်းသွားအောင် ရပ်ရွာအသိုက်အဝန်းတွေကို ထောက်ခံပံ့ပိုးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့အကြပ်အတည်းကို အဆုံးသတ်သွားအောင် ကမ္ဘာ့ခေါင်းဆောင်တွေကူညီရေးက အလွန့်ကို အရေးကြီးလှပါတယ်လို့ မစ္စတာ သောမတ်စ် အင်န်ဒရူး Thomas Andrews နဲ့ မစ္စတာ ဒေးဗစ် ဘွိုက်ဒ် David Boyd တို့ က တိုက်တွန်းလိုက်ပါတယ်။ ယူအေအီးနိုင်ငံမှာကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် ကုလသမဂ္ဂဥတုရာသီဆိုင်ရာ ထိပ်သီးညီလာခံ COP 28 အစမှာ သူတို့ ၂ ယောက်က ခုလို ပြောလိုက်ကြတာပါ။

မစ္စတာသောမတ်စ် အင်န်ဒရူးက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန်ဖြစ်ပြီး မစ္စတာ ဒေးဗစ်ဘွိုက်ဒ်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန် ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကနေ ဖယ်ထုတ်ခံထားရပြီး၊ ငွေကြေးပြတ်လပ်နေတဲ့ မြန်မာစစ်တပ်ဟာ သံ၊ ကျောက်စိမ်းနဲ့ မြေရှားသတ္တုလို သဘာဝသယံဇာတတွေကနေ အမြတ်ထုတ်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီးကျူးလွန်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

 မြန်မာစစ်တပ်နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေက သဘာဝသယံဇာတတွေ တိုးမြှင့် ထုတ်ယူနေတာကြောင့်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး၊ သစ်တောနဲ့ ရေသယံဇာတတွေ ပျက်စီးစေပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ပိုပြီးဆိုးဝါးစေပါတယ်လို့ ကုလ ကျွမ်းကျင်သူ နှစ်ဦးက သုံးသပ်ထားပါတယ်။

စစ်ရေးပဋိပက္ခနဲ့ ရာသီဥတုအပြောင်းအလဲ ကိစ္စနှစ်မျိုးရဲ့ သက်ရောက်မှုတွေဟာ မြန်မာ ပြည်သူသန်းပေါင်းများစွာရဲ့ ကျန်းမာရေး၊ ဝင်ငွေနဲ့ လုံခြုံရေးတွေကို ခြိမ်းခြောက်နေတယ်လို့လည်းဆိုပါတယ်။

အထူးသဖြင့် သဘာဝ တောတောင်ရေမြေတွေကို မှီခိုနေထိုင်ကြရတဲ့ တိုင်းရင်းသား လူမျိုးတွေဟာ ပိုပြီးထိခိုက်လွယ်တဲ့ အခြေအနေဖြစ်စေပါတယ်လို့ ကုလ ကျွမ်းကျင်သူတွေက ပြောပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် မြန်မာ ပြည်သူသန်းပေါင်းများစွာ နေအိမ်စွန့်ခွာထွက်ပြေးနေရပြီး၊ ရာသီဥတု ဘေးအန္တရာယ်ကို ခုခံကာကွယ်နိုင်တဲ့ စွမ်းရည်လျော့ကျသွားစေတဲ့အကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေလည်း ထွက်ပြေးတိမ်းရှောင်နေ ရကြောင်း ကုလ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရာသီဥတု ဘေးအန္တရာယ်တွေ နောက်ထပ် ထပ်ပြီးကျရောက်လာဦးမှာပါ။ နောက်လာမယ့် ဘေးတွေက ပိုပြီးဆိုးပါလိမ့်မယ်။ ဒါကို ကမ္ဘာကြီးက ကြည့်မနေသင့်တော့ ပါဘူးလို့ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။

အခု ၂၀၂၃ ခုနှစ်မှာ အစွန်း‌ရောက်သဘာဝဘေးတစ်ခုဖြစ်တဲ့ အယ်နီညိုရာသီဥတုဒဏ်ခံစားရပြီး မြန်မာမှာတော့ ပူပြင်းခြောက်သွေ့မှုနဲ့ မိုးခေါင်မှုတို့ကို ပိုပြီးခံစားရနိုင်ချေရှိတယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly