ဒေါက်တာတင်မျိုးဝင်းကို ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်သွယ်ရေးပုဂ္ဂိုလ်အဖြစ် တာဝန်ပေး

ဒေါက်တာတင်မျိုးဝင်းကို ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်သွယ်ရေးပုဂ္ဂိုလ်အဖြစ် တာဝန်ပေး
ဓာတ်ပုံ- နေသာ

နေပြည်တော် ၊ဧပြီ ၂၇ ။              ။ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တာဝန်ယူဆောင်ရွက်မည့် ဖြစ်သဖြင့် လုပ်ငန်းများ   ဆောင်ရွက်ရာတွင် ဆက်သွယ်ရေး ပုဂ္ဂိုလ်အဖြစ် ဒေါက်တာ တင်မျိုးဝင်းကို တာဝန်ပေးအပ်လိုက်သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အဖွဲ့ဝင်များ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အာင်ဆန်းစုကြည်တို့နေပြည်တော်ရှိ Horizon Lake View Hotel တွင် ယနေ့နေ့လည်ပိုင်းကတွေ့ဆုံရာတွင် ဒေါက်တာတင်မျိုးဝင်းကို ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် ဆက်သွယ်ရေးပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်က မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

“အခုကတော့ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံအတွက် အခြေခံကျတဲ့ ပြသနာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ငြိမ်းချမ်းရေးကို သူတာဝန်ယူပြီး   ဆောင်ရွက်တဲ့အခါမှာ ဒေါက်တာတင်မျိုးဝင်းကို ဒီငြိမ်းချမ်းရေးနဲ့ပက်သက်တဲ့ ဖြစ်စဉ်တွေမှာ ဆက်သွယ်ရေး ပုဂ္ဂိုလ်အဖြစ်ပေါ့လေဒီလို သတ်မှတ်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ယနေ့တွေ့ဆုံပွဲတွင်ပါဝင်ခဲ့သည့် (JMC-U) အဖွဲ့ဝင် ဦးကိုကိုကြီးကပြောသည်။

ဒေါက်တာတင်မျိုးဝင်းအား ဒေါ်အောင်ဆန်းစုကြည် နှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးပုဂ္ဂိုလ် အဖြစ်ခန့်ထားခြင်းဖြစ်ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)၏ အဖွဲ့ဝင်အဖြစ်ခန့်အပ်ခြင်းမဟုတ် ကြောင်း ဦးကိုကိုကြီး ကရှင်းပြသည်။

ဒေါက်တာတင်မျိုးဝင်းသည် ရွေးကောက်ပွဲပြီးကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးချယ်တင်မြောက်မည့် သမ္မတလောင်းအဖြစ် ထင်ကြေးပေးခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly