မြန်မာစစ်ရှောင်များကို ခိုလှုံခွင့်ပေးရန် အိမ်နီးချင်းနိုင်ငံများအား NUG ဝန်ကြီးတိုက်တွန်း

By ရွှေနွယ် (မဇ္ဈိမ)
27 November 2023
မြန်မာစစ်ရှောင်များကို ခိုလှုံခွင့်ပေးရန် အိမ်နီးချင်းနိုင်ငံများအား NUG ဝန်ကြီးတိုက်တွန်း

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် တိမ်းရှောင်နေကြရသော စစ်ဘေးရှောင်များအား အိမ်နီးချင်းနိုင်ငံများအနေဖြင့် လူသားချင်းစာနာမှုနှင့် တတ်နိုင်သ၍ အကူအညီပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ တရုတ်−မြန်မာနယ်စပ်မှတ်တိုင်အမှတ် (၁၂၅) အနီးတွင် စစ်ဘေးရှောင်နေကြသည့် မြန်မာနိုင်ငံသားများအား တရုတ်နယ်ခြားစောင့်တပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံး၍ တားဆီးခြင်းနှင့်ပတ်သက်ပြီး မဇ္ဈိမက ယနေ့ နိုဝင်ဘာလ ၂၇ရက်တွင် ဆက်သွယ်မေးမြန်းစဉ် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

"ဂျနီဗာကွန်းဗန်းရှင်းလို့ခေါ်တဲ့ ဒုက္ခသည်စာချုပ်ကို လက်မှတ်ထိုးထိုး၊ မထိုးထိုး ဒါက လူသားချင်းစာနာမှုအကူအညီ ပေးသင့်တဲ့အရာဖြစ်ပါတယ်။ သူတို့ကို(စစ်ဘေးဒုက္ခသည်များ) အန္တရာယ်ရှိနိုင်မယ့်နေရာကနေ ယာယီလုံခြုံမယ့်နေရာကို လုပ်ဆောင်ပေးဖို့၊ လုံခြုံတဲ့နေရာမှာ ခိုလှုံခွင့် ပေးဖို့အတွက် အိမ်နီးနားချင်း နိုင်ငံတွေမှာ ဒါတွေကို လေးစားစွာဖြင့် လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

စစ်ဘေးဒုက္ခသည်များသည် အရေးပေါ်တိမ်းရှောင်ရမည့်ကာလအတွင်း လိုအပ်သည့် ဘေးကင်းရာသို့ ယာယီထွက်ခွာကြသူများသာဖြစ်ကြောင်းနှင့် ၎င်းတို့အား လူသားချင်းစာနာမှုစိတ်ထားဖြင့် ကူညီထောက်ပံ့ပေးရန် ဝန်ကြီးက ထပ်ဆင့် တောင်းဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် လောက်ကိုင်မြို့အနီး၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့၏ တောင်ဘက်ရှိ တုန်ချိန်အနီးတွင် စစ်ကောင်စီ၏ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိသကဲ့သို့ လေကြောင်းမှလည်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် အရပ်သားနေထိုင်ရာ နေရာများသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သားများသည် တရုတ်−မြန်မာနယ်စပ်ခြံစည်းရိုးအနီးသို့ ထွက်ပြေးခဲ့ကြရကြောင်းဒေသခံများက ပြောသည်။ထိုအရပ်သားများအား တရုတ်နိုင်ငံ နယ်ခြားစောင့်တပ်က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်တားဆီးခဲ့ကြောင်း ဒေသခံများက ပြောသလို ရုပ်သံမှတ်တမ်းများလည်း ထွက်ပေါ်လာသည်။

"သိရသလောက်က နယ်စပ်မှတ်တိုင် (၁၂၅) ဘက်မှာ လက်နက်ကြီးသံတွေ အရမ်းကျယ် အရမ်းများလို့ဆိုပြီး (၁၂၇) ဘက်ကို ပြောင်းရွှေ့ကြတာ။ အဲ့လိုပြောင်းရွှေ့တဲ့အချိန်မှာ အဲ့ဒီရုပ်သံဖိုင်ထဲကလို ကိစ္စတွေ ဖြစ်သွားတယ်လို့ သိရတယ်" ဟု  မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ၏ ပြောခွင့်ရသူလီကျားဝင်းက မဇ္ဈိမကိုပြောသည်။

မြန်မာစစ်ဘေးရှောင်များအား တရုတ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးဖြင့်တားဆီးခဲ့သည့်ရုပ်သံမှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်၌ ဖြန့်ဝေထားပြီး ယင်းလုပ်ရပ်အပေါ်  ပြစ်တင်ရှုံ့ချထားသည်။

" ဒီလုပ်ရပ်ဟာ လူမဆန်တဲ့ လုပ်ရပ်မို့လို့ ရှုံ့ချပါတယ်။ သူတို့ဘက်ကလည်း နယ်စပ်မျဥ်း ကပ်ပြီး လာလို့ရသလို ကျ​နော်တို့ဘက်ခြမ်းလည်း လာလို့ရတာပဲ။ ကျူး​ကျော်တာလည်း မဟုတ်ဘူး။ နယ်စပ်မျဥ်းတ​လျှောက် ကျ​နော်တို့နိုင်ငံ နယ်နိမိတ်အတွင်းသွားလာတဲ့ လူမှန်တမျှ ကို cctv ချိန်ရိုက်ပြီး ခြံစည်းရိုးကပ်လာတယ် ဆိုပြီး သတိ​ပေးသံ ထုတ်လွင့်​နေတာလဲ ရပ်သင့်ပြီ။ ကိုယ့်နိုင်ငံအတွင်း ကြိုက်သလို လုပ်ခွင့်ရှိ​ပေမယ့် နယ်စပ်​ကျော်ပြီး လုပ်​နေတာက​တော့ ​စော်ကားသလို ခံစားရတာ ကြာပါပြီ။ 
နိုင်ငံတကာ ဥပ​ဒေနဲ့လည်း ကိုက်ညီမှု မရှိဘူး" ဟု ဒေါက်တာတူးခေါင်က ရေးသားထားသည်။

မြန်မာ-တရုတ်နယ်စပ်ဒေသများပါဝင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့တွင် တလပြည့်မြောက်ပြီဖြစ်သည်။ယခုအခါ  ရှမ်းပြည်နယ်မြောက်ပိုင်းသာမက ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင်  ၁၀၂၇ စစ်ဆင်ရေးနှင့် ဆက်စပ်သည့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများကြောင့် မြန်မာနိုင်ငံအတွင်း စစ်ဘေးဒုက္ခသည် ၃၀၀,၀၀၀ခန့် ထပ်တိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ စတင်ကာ နှစ်နှစ်ခွဲကျော်ကြာကာလအတွင်း မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်ပေါင်း နှစ်သန်းကျော်ရှိပြီဟု UNOCHA ၏ စစ်တမ်းများအရ သိရသည်။ 

စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်နေသည့်  မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အပါအဝင် နိုင်ငံအနှံ့တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားရာ တိုက်ပွဲများပိုပြင်းထန်လာနိုင်ပြီး စစ်ဘေးရှောင်များအတွက် အကူအညီများပိုမိုလိုအပ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သတိပေးထားသည်။

စာတည်း။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။    ။ အေးချမ်း
#NUG
#UNOCHA
#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly