နိုင်ငံရေးဆွေးနွေးပွဲ ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး မြန်မာ့အရေး သက်ဆိုင်သူများထံမှ ‘အပြုသဘောဆောင်’ လက္ခဏာများ ရှိဟု အင်ဒိုနီးရှား ပြော

နိုင်ငံရေးဆွေးနွေးပွဲ ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး မြန်မာ့အရေး သက်ဆိုင်သူများထံမှ ‘အပြုသဘောဆောင်’ လက္ခဏာများ ရှိဟု အင်ဒိုနီးရှား ပြော

မြန်မာပဋိပက္ခအရေး အဓိက သက်ဆိုင်ပတ်သက်သူတချို့ ပါဝင်တက်ရောက်သည့် အစည်းအဝေးတရပ်ကို အိမ်ရှင်အဖြစ် ကမကထပြု ပြုလုပ်ခဲ့ကြောင်းနှင့် ထိုအစည်းအဝေးတွင် တက်ရောက်သူတိုင်းက များမကြာမီ အားလုံးပါဝင်သော ဆွေးနွေးပွဲ ကျင်းပရေးနှင့်ပတ်သက်ပြီး ‘အပြုသဘောဆောင်သည့် လက္ခဏာ” တရပ်ကို ပြခဲ့ကြသည်ဟု အင်ဒိုနီးရှားက နိုဝင်ဘာ ၂၄ ရက်တွင် ပြောသည်။

နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ဂျကာတာတွင် ကျင်းပသည့် ထိုအစည်းအဝေးတွင် ဒီမိုကရေစီလိုလားသော အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပါဝင်ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီဘက်က ကိုယ်တိုင်တက်ရောက်ခြင်း မရှိသော်လည်း ၎င်းတို့အစား ‘ပါဝင်ဆွေးနွေးသူများ’ က ကိုယ်စားပြု ပါဝင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တရပ်တွင် ပြောပြီး အသေးစိတ်ကို ပြောဆိုခြင်း မရှိပေ။

၂၀၂၁ ခုနှစ်က မြန်မာ၏ ရွေးကောက်ခံ အစိုးရတရပ်ထံမှ စစ်တပ်က အာဏာသိမ်းမှုကြောင့် အစပျိုးဖြစ်ပေါ်သည့် သွေးထွက်သံယိုများသော အကျပ်အတည်းတခုအတွင်းရှိ ပြိုင်ဘက် အဖွဲ့များအကြား တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်ရေး အင်ဒိုနီးရှားက တွန်းအားပေးလုပ်ဆောင်နေခြင်း ဖြစ်သည်။ လက်ရှိအချိန်ထိတော့ တိုးတက်မှု မရှိသလောက် နည်းပါးနေသည်။

ရှမ်းမြောက်ပိုင်းတွင် ညီနောင် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ချိတ်ဆက်ညှိနှိုင်းပြီး စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်ရာ အခြားသော နေရာဒေသများ၌လည်း အာဏာသိမ်းမှုဆန့်ကျင်သည့် အဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့များအပေါ် အလားတူအတိုင်း တိုက်ခိုက်မှုများ ရှိလာစေခြင်းနှင့်အတူ နိုင်ငံတွင် တိုက်ပွဲများ အရှိန်မြင့်လာခဲ့ပြီး ယင်းက အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုအတွက် အကြီးမားဆုံး စစ်မြေပြင်စိန်ခေါ်မှုကို ရင်ဆိုင်ရခြင်းလည်း ဖြစ်သည်။ 

အာဏာသိမ်းမှုအလွန် အကြမ်းဖက်မှုတို့ကြောင့် နိုင်ငံတွင် လူ နှစ်သန်းကျော် နေရပ်စွန့်ခွာထားကြရသည်ဟု ကုလသမဂ္ဂ ပြောသည်။

ယခု အစည်းအဝေး၏ ရည်ရွယ်ချက်က အားလုံးပါဝင်သည့် ဆွေးနွေးမှုများ ဖြစ်ပေါ်စေရန်၊ အကြမ်းဖက်မှုတို့ လျော့ကျစေရန်နှင့် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်နှင့် သဘောတူထားသည့် ဘုံသဘောတူညီချက် ငါးရပ်နှင့်အညီ လူသားချင်းစာနာမှု ကြိုးပမ်းမှုများကို ထောက်ပံ့ရန် ဖြစ်သည်ဟု အင်ဒိုနီးရှားက ပြောသည်။

“ဖြစ်နိုင်ဖွယ်ရာ ပဏာမအဆင့် ဆွေးနွေးမှုတရပ်ကို လမ်းခင်းပေးနိုင်ဖွယ် ရှိသည့် အဖွဲ့တခုချင်းစီထံမှ သတင်းစကားများ ဖလှယ်မှုကို အထူးသံတမန်ရုံးက အဆင်ပြေချောမွေ့အောင်ပံ့ပိုးပေးခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“သက်ဆိုင်တဲ့ သတင်းစကားတွေ လက်ခံရရှိမှုအရ သက်ဆိုင်ပတ်သက်သူတွေဟာ များမကြာခင် အားလုံးပါဝင်တဲ့ ၊ စစ်မှန်တဲ့ ပုံစံတခုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်တဲ့ အလားအလာနဲ့ပတ်သက်ပြီး အပြုသဘောဆောင် လက္ခဏာတွေ ပြသခဲ့တယ်”

အင်ဒိုနီးရှားသည် မြန်မာ့အရေး သက်ဆိုင်သူများနှင့် တိတ်တဆိတ် တွေ့ဆုံမှုများ ရှိသော်လည်း တချို့က ဆွေးနွေးမှုများအတွက် ကြိုတင်သတ်မှတ်ချက်များ မရမက တောင်းဆိုနေမှုကြောင့် တိုးတက်မှုအပေါ် ထိခိုက်ထားစေသည်ဟုလည်း ပြောထားသည်။

အာဆီယံ၏ ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာအကောင်အထည်ဖော်ဆောင်မှု မရှိမချင်း စစ်အုပ်စု ခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေးများ တက်ခြင်းမှ အာဆီယံက ပိတ်ပင်ထားသည်။

စစ်တပ်က ၎င်းတို့ အကြမ်းဖက်သမားများဟု ပြောသည့် ခုခံလှုပ်ရှားမှုတရပ်ကို NUG က ထောက်ခံပံ့ပိုးနေသည်ဟု စွပ်စွဲပြီး တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်ထားသည်။ ရိုက်တာအနေဖြင့် ယခု အင်ဒိုနီးရှား ဆွေးနွေးမှုများနှင်ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူထံမှ မှတ်ချက်တောင်းခံနိုင်ခြင်း မရှိသေးပေ။

NUG ပြောရေးဆိုခွင့်ရှိသူတဦးက ၎င်းတို့အနေဖြင့် စစ်မှန်သည့် ဆွေးနွေးမှုအပေါ် စူးစိုက်နှစ်မြှုပ်ထားသော်လည်း မိမိတို့၏ နိုင်ငံရေးအနာဂတ်တွင် စစ်တပ်အတွက် နေရာမရှိဟု ပြောကြားပြီး လက်နက်ကိုင်တပ်ဖွဲ့များသည် အရပ်သားအစိုးရတရပ်၏ အောက်တွင်သာ ရှိရလိမ့်မည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly