မြန်မာနိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာကာ လူသားချင်းစာနာကူညီရေးများ အရေးပေါ်လိုအပ်နေဟု ကုလသတိပေး

မြန်မာနိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာကာ လူသားချင်းစာနာကူညီရေးများ အရေးပေါ်လိုအပ်နေဟု ကုလသတိပေး

မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက  တိုက်ပွဲတွေဟာ လူဦးရေထူထပ်တဲ့ မြို့ပြနေရာတွေအထိ ကျယ်ပြန့်လာနေပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြီးကျယ်ဆုံးနဲ့ အကျယ်ပြန့်ဆုံး တိုက်ပွဲတွေဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့  ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq ကပြောကြားလိုက်ပါတယ်။

အိုးအိမ်စွန့်ထွက်ပြေးနေရတဲ့ ပြည်တွင်းဒုက္ခသည် စုစုပေါင်း နှစ်သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံထဲမှာ လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့ ရန်ပုံငွေအရေးပေါ်လိုအပ်နေသလို အကူအညီလိုအပ်နေတဲ့ နေရာတွေဆီ ထိထိရောက်ရောက် ပို့ပေးနိုင်ခွင့်လည်း လိုအပ်တယ်ဆိုတာကို သူကထောက်ပြသွားပါတယ်။

အောက်တိုဘာလကုန်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် သုံးသိန်းနီးပါး ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA) က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ မွန်၊ တနင်္သာရီ စတဲ့ ပြည်နယ်၊ တိုင်းတွေမှာ စစ်ဘေးဒုက္ခသည် ၂၈၆,၀၀၀ ‌ကျော် ရှိလာတယ်လို့ OCHA က ဖော်ပြထားတာပါ။

ဒီလိုစစ်ဘေးဒုက္ခသည်တွေ တိုးလာတာဟာ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ဖွယ်ဖြစ်ပြီး ရှိနေပြီးသား စစ်ဘေးဒုက္ခသည်တွေနဲ့ ထပ်တိုးစစ်ဘေးဒုက္ခသည် အားလုံးအတွက် အကူအညီတွေပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ရာ မြို့နယ်တွေမှာလည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ဆို့နေတာကြောင့် အရပ်သားတွေ ရွှေ့ပြောင်းသွားလာဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ဖို့ အကန့်အသတ်ဖြစ်နေတယ်လို့ OCHA က ဖော်ပြထားပါတယ်။

စိန်ခေါ်မှုတွေကြားက ကုလသမဂ္ဂရဲ့မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားပြည်သူတွေအသက်ရှင်ရေးအတွက် လိုအပ်နေတဲ့အကူအညီတွေကို ဆက်လက်ပေးနေသလို နောက်ထပ်လိုအပ်နေတာတွေကိုလည်း သုံးသပ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq ကပြောပါတယ်။

အရေးပေါ်အနေနဲ့ အလိုအပ်ဆုံးအရာတွေကတော့ ငွေကြေး၊ အစားအစာ၊ နေရာထိုင်ခင်း၊ သန့်ရှင်းရေးသုံးပစ္စည်း အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဘေးအန္တရာယ်ကာကွယ်ရေး ထောက်ပံ့မှုတွေ ဖြစ်တယ်လို့ဆိုပါတယ်။

အခုချိန်အထိ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး ရန်ပုံငွေလျာထားချက်ရဲ့ ၂၈ ရာခိုင်နှုန်းသာ ရရှိထားသေးကြောင်းနဲ့ နိုင်ငံအနှံ့ လူဦးရေနှစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာကြောင့် ရန်ပုံငွေ အရေးပေါ်ဖြည့်တင်းဖို့ လိုနေသလို တဖြည်းဖြည်းများပြားလာနေတဲ့ လိုအပ်ချက်တွေနဲ့ ဒုက္ခရောက်နေသူတွေဆီကို အန္တရာယ်ကင်း ထိရောက်စွာသွားရောက်ကူညီနိုင်ဖို့လည်း အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ OCHA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly