ထိုင်း လေတပ်ဦးစီးချုပ် နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့လာရောက်တွေ့ဆုံ

ထိုင်း လေတပ်ဦးစီးချုပ် နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့လာရောက်တွေ့ဆုံ

ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Punpakdee Pattanakul (ပန်ပက်ဒီး ပတ်တန်နတ်ကော)ဟာ စစ်ကောင်စီလေတပ် ဦးစီးချုပ်ရဲ့ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၂ ရက်က နေပြည်တော်ကို ရောက်နေတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

တွေ့ဆုံမှုတွေအတွင်း နှစ်နိုင်ငံ လေတပ်ဆက်ဆံရေး ကောင်းမွန်စေရေး၊ နည်းပညာဖလှယ်ရေးနဲ့ လူသားချင်းကူညီကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးခရီးစဉ်အဖြစ် အပြန်အလှန်လည်ပတ်ရေး နဲ့ သင်တန်းသားစေလွှတ်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ထိုင်းစစ်တပ်အကြီးအကဲက ဒေသလုံခြုံရေးအတွက် စစ်တပ်တွေရဲ့ အခန်းကဏ္ဍကအရေးကြီးပြီး လက်နက် လူသူ အင်အား အမြဲ အဆင်သင့် ရှိနေဖို့လိုတယ်လို့ ပြောကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သဘာဝဘေး အန္တရာယ်များကြုံတွေ့ချိန် ကူညီကယ်ဆယ်ရေး၊ နည်းပညာအချက်အလက်ဖလှယ်ရေး နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်တဲ့ လက်နက်ကိုင် အင်အားစုတွေကို လေကြောင်းကနေ အဓိက တိုက်ခိုက်နေချိန်မှာပဲ ထိုင်းလေတပ်အကြီးအကဲက နေပြည်တော်ကို အလည်အပတ်ရောက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်တို့အပါအဝင် မြန်မာစစ်အရာရှိကြီးတွေနဲ့ နိုဝင်ဘာ ၂၂ နဲ့ ၂၃ ရက်တွေမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ထိုင်းသတင်းတွေမှာ ဖော်ပြချက်အရ ၂၄ ကြိမ်မြောက် အာဆီယံ တပ်မတော် ဘက်ပေါင်းစုံအစည်းအဝေး (ACAMM) ကို ထိုင်းနိုင်ငံ ဟွာဟင်းမှာ နိုဝင်ဘာ ၂၂ ရက်ကနေ ၂၅ ရက်အထိ ကျင်းပနေပြီး အဲဒီမှာလည်း မြန်မာစစ်တပ်ကိုယ်စားလှယ်တက်ရောက်နေတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chalermphon Srisawasdi (ချာလန်ဖွန် စရီဆာဝါစ်ဒီ)တို့ဟာလည်း အခုနှစ်ဆန်းပိုင်း ဇန်နဝါရီ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့က ငပလီမှာတွေ့ဆုံခဲ့ကြပါတယ်။

ထိုင်းစစ်တပ်နဲ့ အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ဆက်ဆံခြင်းအားဖြင့်၊ လူသားမျိုးနွယ်တွေအပေါ် ရာဇဝတ်မှုတွေ နေ့စဉ်နဲ့ အမျှ ကျူးလွန်နေတဲ့သူတွေကို ထိုင်းစစ်တပ်ဟာ အားပေးထောက်ခံရာရောက်ပြီး မြန်မာစစ်ကောင်စီဟာ အချက်ငါးချက်ပါတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို ဂရုမစိုက်တဲ့အတွက် ဘယ်အာဆီယံနိုင်ငံမှ မြန်မာစစ်ကောင်စီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မထားသင့်ဘူးလို့ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR အဖွဲ့က ပြောကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly