ရခိုင်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့တိုက်လေယာဉ်သုံးပြီး တိုက်ခိုက်နေ

ရခိုင်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့တိုက်လေယာဉ်သုံးပြီး တိုက်ခိုက်နေ

 ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA အဖွဲ့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ AA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပေါက်တော မြို့ပေါ်မှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတွေကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့လယ်အထိ လေယာဉ်အပြင် လက်နက်ကြီးတွေနဲ့ပါ အဆက်မပြတ် ပစ်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလ ၁၀ ရက်တာ အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ၄ ခု ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများစွန့်ခွာ ထွက်ပြေးသွားတဲ့ စခန်းပေါင်း ၄၀ ကိုလည်း သိမ်းပိုက်ထားကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန်ထားပါတယ်။

ပေါက်တောမြို့မှာ စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဓါးစာခံဖမ်းဆီးထားတဲ့ ရဟန်း သံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ ကလေးသူငယ်များအပါ အဝင် မြို့သူမြို့သား ၁၀၀ နီးပါးကို  နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့ပြီး  ကျန်ရှိနေသေးတဲ့  လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရတဲ့ ပေါက်တောမြို့သူ မြိုသားများကို လွတ်မြောက်နိုင်ရေး ကြိုးစားနေကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကိုပါ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခြင်းတွေကို ပြုလုပ်နေကြောင်းသိရပါတယ်။

ပေါက်တောမြို့မှာ ဓါးစာခံအဖြစ်ပြန်ပေးဆွဲထားတဲ့ ပေါက်တောမြို့ပြည်သူလူထု ၂၀၀ ခန့်ရှိတယ်လို့ ရက္ခိုင့်တပ်တော်(AA) ပြောကြားထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပေါက်တောမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွား ခဲ့တာရှိသလို ကျောက်တော်မြို့နယ်မှာ ရှိတဲ့ စစ်ကောင်စီပိုင် ရေယာဉ်နှစ်စီးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က သိမ်းယူသွားတယ်လို့ ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်( AA) တို့ နိုဝင်ဘာလ ၁၃ ရက်နေ့က စပြီး တိုက်ပွဲစတင်ဖြစ်ခဲ့တာပါ။

အခုဆိုရင် စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ၁ဝ ရက်တာကာလအတွင်း တိုက်ပွဲအတွင်း ဒေသခံ သေဆုံးသူ ၁၅ဦး၊ ဒဏ်ရာရရှိသူ ၅ဝဦးနဲ့ ဖမ်းဆီးခံရသူ ၇၃ဦး အထိရှိတယ်လို့ AA ဘက်က ပြောကြားထားပါတယ်။

ဒါ့အပြင် ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေလည်း များပြားလာနေပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ရခိုင်ပြည်နယ်အတွင်းက အိမ်ထောင်စု ၄၇၀၀ ကျော်၊ လူဦးရေ ၂၆၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က နိုဝင်ဘာ ၁၇ ရက်နေ့ မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို ဆက်သွယ်ထားတဲ့ ကုန်းလမ်း၊ ရေလမ်းကိုလည်း နိုဝင်ဘာ ၁၃ ရက်ကစပြီး စစ်ကောင်စီဘက်က ကန့်သတ်ထားတာကြောင့် လူသားချင်း စာနာမှု အကူအညီတွေကို ရပ်ဆိုင်းထားရတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly