ရန်ကုန်မှာ အဖမ်းအဆီးတွေဆက်တိုက်ပြုလုပ်နေပြီး လုံခြုံရေးအခြေအနေ တင်းကြပ်

ရန်ကုန်မှာ အဖမ်းအဆီးတွေဆက်တိုက်ပြုလုပ်နေပြီး လုံခြုံရေးအခြေအနေ တင်းကြပ်

ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက   ညပိုင်းအချိန်တွေမှာ လူငယ်တွေကို အစစ်အဆေး အမေးအမြန်းမရှိ ဖမ်းဆီးခေါ်ဆောင်သွားမှုတွေများလာနေပြီး  ရန်ကုန်မြို့က တချို့နေရာတွေမှာ လုံခြုံရေးတွေ ပြန်လည်တင်းကြပ်လာနေတယ်လို့ မြို့ခံတွေကပြောပါ တယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပူးပေါင်းမဟာမိတ် ပြည်သူ့ကာကွယ်ရေး တပ်တွေဘက်က ဒေသတော်တော်များမှာ စစ်တပ်တပ်စွဲထားတဲ့နေရာတွေအပေါ် တိုက်ခိုက်သိမ်းပိုက်မှုတွေ လုပ်လာခဲ့တဲ့နောက် အခုရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီက ပေါ်တာဆွဲနေတယ်ဆိုတဲ့သတင်းတွေ လည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေဖြစ်ပွားလာခဲ့ပါတယ်။

 ဒီလို နေရာတော်တော်များများမှာ တိုက်ပွဲတွေ တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့နောက်မှာတော့ လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့နယ်တဝိုက်မှာ ရဲနဲ့စစ်သားလုံခြုံရေးတွေက လမ်းသွားလမ်းလာတွေကိုတားဆီးပြီး စစ်ဆေးလာနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ စစ်ကောင်စီက မသင်္ကာသူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေပြီး နိုဝင်ဘာလ ၁ ရက်ကနေ ၂၁ ရက်နေ့အထိ ဖမ်းဆီးခံထားရသူ ငါးဆယ်နီးပါး ရှိတယ်လို့ သိရပါတယ်။

နေရာ တော်တော်များများမှာတော့ မော်တော်ကားတွေကို စစ်ဆေးတာတွေလည်း ပြန်လုပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ ညမထွက်ရအမိန့်ထုတ်ထားတာဖြစ်ပေမယ့် စစ်ကောင်စီတပ်က ည ၈ နာရီ ဝန်းကျင်ခန့်မှ စကာ အမျိုးသား လူငယ်များကို  စစ်ဆေးမှုများ ဆက်တိုက် လုပ်ဆောင်လာကြောင်း၊ တချို့ကို  ငွေညှစ်ကာ ပြန်လွှတ်ပေးခြင်းများလည်း ရှိကြောင်း မြို့ခံတွေထံက သိရပါတယ်။

အခုရက်ပိုင်း ကမာရွတ်မြို့နယ် ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ မြောက်ဥက္ကလာ တောင်ဥက္ကလာမြို့နယ်တို့မှာ ညဘက်တွေ လူငယ်တွေ ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။

ကမာရွတ်မြို့နယ်ထဲမှာ စစ်ကောင်စီ တပ်သားတွေ နေ့စဉ် ကင်းလှည့်ပြီး ဟံသာဝတီလမ်းအနီးက မူးယစ်ပြတိုက်အနီးမှာလည်း ဖမ်းဆီး၊ စစ်ဆေးတာတွေ မကြာခဏလုပ်တာ တွေ့ရတယ်လို့ မြို့ခံတွေကဆိုပါတယ်။

လူဦးရေထူထပ်ပြီး လူပေါင်းစုံနေထိုင်တဲ့ လှိုင်သာယာမြို့နယ်ဘက်မှာလည်း နေ အိမ်တချို့မှာ ဧည့်စာရင်းဝင်ရောက်စစ်ဆေးတာအပြင် နေရာတော်တော်များများမှာ တားဆီးစစ်ဆေးမှုတွေရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပြပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာတော့ ရန်ကုန်မြို့မှာ ပေါ်တာ ဆွဲတာတွေ မရှိသလို စိတ်ပူစရာလည်း မရှိကြောင်း ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly