ပဋိပက္ခတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ်ထိခိုက်သေဆုံးမှုများလာနေ

ပဋိပက္ခတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ်ထိခိုက်သေဆုံးမှုများလာနေ

မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ကလေးသူငယ်တွေရဲ့ အခြေခံအခွင့်အရေး ဆုံးရှုံးတာအပြင် ထိခိုက်သေဆုံးတဲ့အထိ ကြုံတွေ့နေကြရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြား အရပ်သားပြည်သူ သေဆုံးတဲ့အထဲမှာ ကလေးငယ်တွေလည်း ပါဝင်လာတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်း မဟာမိတ် ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်ကနေ နိုဝင်ဘာလ ၂၀ ရက်အထိ သုံးပတ်ကျော်အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေကြောင့် ကလေးငယ် ၄၀ နီးပါး သေဆုံးခဲ့ကြောင်းသိရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ အသက်အရွယ်အားဖြင့်တော့ တစ်နှစ်ခွဲ အရွယ်ကနေ ၁၆ နှစ်အရွယ်အထိကလေးတွေ ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာက လူစုလူဝေးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၁၉ ဦး အပါဝင် စုစုပေါင်း လူ ၁၆၅ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုနှုန်း မြင့်မားလာတဲ့အမျှ ကလေးငယ်တွေ သေဆုံးတာနဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေကလည်း ကလေးငယ်တွေအတွက် စိုးရိမ်စရာဖြစ်နေတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် တွန်းလှန်တိုက်ခိုက်သူတွေကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီး အလွန်အကျွံ အသုံးပြုပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါ့အပြင် လူထုတွေနေထိုင်တဲ့နေရာတွေ၊ စစ်ဘေးရှောင်စခန်း၊ စာသင်ကျောင်းနဲ့ ဘာသာရေး အဆောက်အုံတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားနဲ့ ကရင်ပြည်နယ်က ကလေးငယ် တွေဟာ အခုချိန်မှာ လေကြောင်းရန်နဲ့ လက်နက်ကြီး ရန်ကနေ ကင်းလွတ်နိုင်မယ့် ဗုံးခိုကျင်းတွေတူးပြီး စာသင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ ပညာရေးနဲ့ ပတ်သက်ပြီး တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ပေါင်း ၃ ထောင်ကျော် ဖြစ်ပွားခဲ့ပြီး အဲဒီထဲမှာ ယူကရိန်းနိုင်ငံက အများဆုံးတိုက်ခိုက်ခံရပြီး ယူကရိန်းပြီးရင် မြန်မာနိုင်ငံက ဒုတိယအများဆုံး တိုက်ခံရတယ်လို့ ပညာရေးကဏ္ဍ စောင့်ကြည့်ရေးအဖွဲ့- Global Coalition to Protect Education to Attack- GCPEA က ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

UNICEF Myanmar ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေဟာ အကြမ်းဖက်ခြင်းတွေ၊ အကြောက်တရားတွေ ကင်းတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းကြပြီး၊ အစွမ်းကုန်ဖွံ့ဖြိုး တိုးတက်လာစေဖို့ အားလုံးက မနားမနေ ကြိုးပမ်းဆောင်ရွက် ကြရမှာဖြစ်တယ်လို့ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ကလေးများနေ့မှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုနှုန်းတွေ မြင့်မားလာခြင်းက ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ UNICEF ရဲ့ ပြီးခဲ့တဲ့ ဇွန်လထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၄၉၁ ဦး သေဆုံးခဲ့တယ်လို့ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly