အင်ဒိုနီးရှား၏ အာချေးဒေသသို့ ၁ ပတ်အတွင်း ရိုဟင်ဂျာဒုက္ခသည် ၁,၀၀၀ နီးပါး ရောက်ရှိ

By Mail Online/AP
21 November 2023
အင်ဒိုနီးရှား၏ အာချေးဒေသသို့ ၁ ပတ်အတွင်း ရိုဟင်ဂျာဒုက္ခသည် ၁,၀၀၀ နီးပါး ရောက်ရှိ

ပြီးခဲ့သည့် ခြောက်ရက်အတွင်း အင်ဒိုနီးရှားနိုင်ငံ၏ မြောက်ဘက်စွန်း အာချေးပြည်နယ်သို့ ရိုဟင်ဂျာမွတ်စလင် ၁,၀၀၀ နီးပါး လှေဖြင့် ဆိုက်ရောက်ခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၂၀ ရက်တွင် ပြောသည်။

၎င်းတို့တွင် ပင်လယ်ပြင်ထဲ ရက်များကြာ ရှိနေခဲ့ကြသည့် အမျိုးသမီးများနှင့် ကလေးများ အပါအဝင် အဖွဲ့အုပ်စု ငါးဖွဲ့ ပါဝင်သည်။ လူ ၂၄၀ ကျော်ပါသည့် ရိုဟင်ဂျာဒုက္ခသည် အသုတ်တသုတ်ကို အာချေး အူတာရာ ခရိုင်မှ ဒေသခံများက ကမ်းကပ်ခွင့် နှစ်ကြိမ်တိုင် ငြင်းဆန်ခဲ့မှုကြောင့် လူ့အခွင့်အရေးအဖွဲ့များထံမှ စိုးရိမ်ပူပန်မှုများ ထွက်ပေါ်ခဲ့သည်။ အဆိုပါ ရိုဟင်ဂျာ အုပ်စုသည် အဆုံးသတ်တွင် နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းက ဘီရူအန်ခရိုင်တွင် ကုန်းပေါ်တက်ခွင့် ရသွားကြောင်း သိရသည်။

“သူတို့တွေကို လက်ခံပြီး ကမ်းကပ်ခွင့်တွေ ပေးခဲ့ကြတဲ့ အာဏာပိုင်တွေနဲ့ ဒေသခံ အစုအဖွဲ့တွေကို မိမိတို့ ကျေးဇူးတင်ပါတယ်။ ရှေ့ကာလမှာလည်း အခုလိုမျိုးပဲ အကူအညီနဲ့ အကာအကွယ် လိုအပ်တဲ့ ဒုက္ခသည်တွေကို ဒီလိုမျိုး စည်းလုံးညီညွတ်မှုနဲ့ လူလူချင်းစာနာမှု စိတ်တွေ ဆက်လက် ပေးကြဖို့ မိမိတို့ မျှော်လင့်တယ်” ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

အာချေးပြည်နယ်သို့ ရောက်ရှိလာသည့် ဒုက္ခသည်များသည် ခက်ခဲကြမ်းတမ်းသော ပင်လယ်ပြင်ခရီးကို ကြုံတွေ့ခဲ့ကြရသည်။ အများစုသည် ၂၀၁၇ ဩဂုတ်လက မြန်မာစစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုကြောင့် ထွက်ပြေးခဲ့ကြရသည့် လူ ၇၀၀,၀၀၀ ကျော် ရှိရာ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများမှ ထွက်ခွာလာကြသူများဖြစ်သည်။ မြန်မာစစ်တပ်သည် လူအများအပြားကို သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် ရိုဟင်ဂျာနေအိမ်ထောင်ချီကို မီးရှို့မှုတို့ဖြင့် စွပ်စွဲခံထားရသည်။

ဒုက္ခသည် အများစုသည် မလေးရှားသို့ သွားရောက်ရန် ကြိုးပမ်းခဲ့သော်လည်း အများအပြားသည် အင်ဒိုနီးရှားတွင်သာ ရောက်ရှိခဲ့ကြသည်။

“ရိုဟင်ဂျာဒုက္ခသည် ရာချီတို့ရဲ့ ကမ်းကပ်မှု အငြင်းခံရတာက အင်ဒိုနီးရှားအတွက် ခြေလှမ်းကြီးတခု နောက်ဆုတ်သလိုပါပဲ။ အဲဒီက အစုအဖွဲ့တွေဟာဆိုရင် အရင်ကဆို အန္တရာယ်များတဲ့ လှေစီးပြေးခရီးစဉ်တွေဖြတ်ကျော်ပြီး ဘေးကင်းရာ ရှာဖွေကြသူတွေကို ရက်ရောမှုနဲ့ လူလူချင်းစာနာမှုတို့ကို ပြသထားခဲ့ကြတာဖြစ်တယ်” ဟု Amnesty International Indonesia ၏ အမှုဆောင်ဒါရိုက်တာ အူစမန် ဟာမစ်က ပြောသည်။

အင်ဒိုနီးရှားအနေဖြင့် ၁၉၅၁ ဒုက္ခသည် ကွန်ဗန်းရှင်းကို ပါဝင်သဘောတူညီထားသည့် အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်အတွက် ဒုက္ခသည်များကို နေရာချထားပေးရန် လုပ်နိုင်စွမ်း သို့မဟုတ် တာဝန်ဝတ္တရားမရှိဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

“လက်ခံနေရာပေးတာက လူသားချင်းစာနာမှု အကြောင်းရင်းတွေသက်သက်အတွက်နဲ့ ပေးထားတာဖြစ်တယ်။ တကယ်တမ်းဆိုရင် ကွန်ဗန်းရှင်းမှာ ပါဝင်သဘောတူထားတဲ့ နိုင်ငံအများအပြားဆိုရင် သူတို့ရဲ့ တံခါးတွေကို ပိတ်ထားသလို ဒုက္ခသည်တွေကို ပြန်နှင်ထုတ်တဲ့ မူဝါဒကိုတောင် ဖော်ဆောင်ကြတာ ရှိတယ်” ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လာလူ မူဟာမက် အစ္စဘဲလ်က ပြောသည်။

ယာယီ ခိုလှုံခွင့်ပေးသည့် အင်ဒိုနီးရှား၏ ကြင်နာဂရုဏာထားမှုအပေါ် အများအားဖြင့် လူမှောင်ခိုသမားများက အမြတ်ထုတ်အသုံးချနေခဲ့ကြောင်းနှင့် ထိုသူတို့သည် အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများကဲ့သို့ ခုခံနိုင်စွမ်းအားနည်းသူများအပါအဝင် ဒုက္ခသည်များ ရင်ဆိုင်ရသည့် ဘေးအန္တရာယ်များအပေါ် အလေးထားခြင်း မရှိဘဲ ငွေကြေးအကျိုးအမြတ်ရရေးသာ ကြိုးပမ်းနေကြကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly