မလေးရှားနိုင်ငံသား ၁၀၉ ဦး လောက်ကိုင်တွင် ရောက်ရှိသောင်တင်နေဟု ဆို

မလေးရှားနိုင်ငံသား ၁၀၉ ဦး လောက်ကိုင်တွင် ရောက်ရှိသောင်တင်နေဟု ဆို

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မငြိမ်မသက်မှုတို့ ဖြစ်ပြီးနောက် မလေးရှားနိုင်ငံသား ၁၀၉ ဦးသည် လောက်ကိုင်မြို့တွင် ရောက်ရှိသောင်တင်နေသည်ဟု သိထားရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစောင် ထုတ်ပြန်သည်။

အဆိုပါ မလေးရှားနိုင်ငံသားများအနက် အများစုသည် ပြည်ပရှိ အလုပ်အကိုင် ကမ်းလှမ်းခေါ်ယူမှု ရိုက်စားလုပ်ငန်းများ၏ လှည့်ဖြားခံရသူများ ဖြစ်နေသည်ဟု ယုံကြည်ရကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တရပ်တွင် ဖော်ပြသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်နှင့် ပေကျင်းရှိ မလေးရှားသံရုံးများ၊ ကူမင်းရှိ မလေးရှား ကောင်စစ်ဝန်ရုံးတို့မှတဆင့် ကယ်ဆယ်ရေး ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်လျက် ရှိပြီး ပါဝင်ပတ်သက်သည့် မလေးရှားနိုင်ငံသားအားလုံးကို ဘေးကင်းစွာ နေရပ်ပြန်ခေါ်နိုင်ရန် စီစဉ်မှုများကို အပြီးသတ် ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ဒီ ကြိုးပမ်းအားထုတ်မှုမှာ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန၊ မလေးရှား တော်ဝင်ရဲတပ်ဖွဲ့နဲ့ မလေးရှား လူဝင်မှုဌာနတို့ကလည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံရပ်ခြား အလုပ်အကိုင် အလိမ်အညာရိုက်စားလုပ်ငန်းတွေရဲ့ လှည့်စားဖြားယောင်းခံရတဲ့ မလေးရှားနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဆက်လက်တိုးမြှင့်ကြိုးပမ်းသွားမှာပါ” ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

ပြည်ပတွင် အလုပ်လုပ်ရန် ကြိုးပမ်းနေသည့် မလေးရှားနိုင်ငံသားများအနေဖြင့် အထူးသတိရှိကြရန်နှင့် အလုပ်ခေါ်စာများ၏ သဘောသဘာဝကို အသေအချာစိစစ်ကြရန် သက်ဆိုင်ရာက သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly