တရုတ်ဘောလုံးအသင်းရဲ့ စွမ်းဆောင်ရည်တွေကို "ယုံကြည်မှုမရှိ"ကြောင်း ရှီ ပြော

တရုတ်ဘောလုံးအသင်းရဲ့ စွမ်းဆောင်ရည်တွေကို "ယုံကြည်မှုမရှိ"ကြောင်း ရှီ ပြော

ထိုင်းအသင်းကို မကြာသေးမီက အနိုင်ရခဲ့ပေမယ့်လည်း အမျိုးသားဘောလုံးအသင်းရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်လို့ သူအနေနဲ့ "ယုံကြည်မှု မရှိ"ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထုတ်ဖော်ပြောဆိုပါတယ်။

ရှီဟာ ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းနဲ့ အလွတ်သဘော ပြောဆိုရာမှာ ရှားရှားပါးပါး မှတ်ချက်ပေးခဲ့ကြောင်း ထိုင်းအစိုးရအကောင့် X (အရင်က တွစ်တာ)မှာ စနေနေ့က တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုအရ သိရပါတယ်။

မကြာသေးမီက ကစားခဲ့တဲ့ပွဲမှာ ထိုင်းက တရုတ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်း ကြားသိရပြီးနောက် ရှီက “အဒီပွဲမှာ ကံကောင်းတာတွေ အများကြီး ပါခဲ့တယ်လို့ ကျနော် ထင်ပါတယ်။”လို့ ပြောပါတယ်။

"ဘာလို့လဲဆိုတော့ အခုအချိန် ကျုပ်တို့ရဲ့ အမျိုးသားအသင်းနဲ့ပတ်သက်လို့ သူတို့ရဲ့ အဆင့်အတန်းအခြေအနေကို ကျနော် ယုံကြည်မှု မရှိဘူး"လို့ ရှီက ဆန်ဖရန်စစ္စကိုမှာ ပြုလုပ်တဲ့ APEC ခေါင်းဆောင်များ အစည်းအဝေးမတိုင်ခင်မှာ ပြောပါတယ်။

“အတက်အကျတွေ ရှိတယ်”လို့ သူက ထပ်ပြောခဲ့ပါတယ်။

ရှီက အရကလည်း သူ့ကိုယ်သူ ဘောလုံးပရိသတ်တဦးအဖြစ် ဖော်ပြခဲ့ပြီး သူဟာ တနေ့မှာ ကမ္ဘာ့ဖလားကို တရုတ်နိုင်ငံမှာ လက်ခံကျင်းပပြီး ၎င်းကို ဆွတ်ခူးနိုင်ဖို့ အိပ်မက်မက်ကြောင်း ပြောပါတယ်။

ဒါပေမယ့် အမျိုးသားအသင်းကို အင်အားတောင့်တင်းတဲ့ နိုင်ငံအသင်းတသင်းအဖြစ် ဖော်ဆောင်ဖို့ ရည်မှန်းချက်တွေက အကောင်အထည် မပေါ်သေးပါဘူး။

စက်တင်ဘာလက ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အိမ်ရှင် တရုတ်အသင်းဟာ ဆီးရီးယားကို ဝ-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ စိတ်ပျက်နေတဲ့ ပရိသတ်တွေရဲ့ လှောင်ပြောင်ခံခဲ့ရပြီး “ရှက်စရာကောင်းတေဲ့ ရှုံးနိမ့်မှု”လို့  နိုင်ငံပိုင်မီဒီယာရဲ့ သရော်တာကိုလည်း ခံခဲ့ရပါတယ်။

နိုင်ငံ့အသင်းနည်းပြဟောင်း လီတိုင်အပါအဝင် ထိပ်တန်းပုဂ္ဂိုလ်အများအပြားကို စုံစမ်းစစ်ဆေးတာ ဒါမှမဟုတ် စွဲချက်တင်တာတို့ကို တွေ့ရတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကြီးတရပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ တရုတ်ဘောလုံးလောကကို ထားရှိပါတယ်။

အမျိုးသားလက်ရွေးစင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ကာတာနိုင်ငံမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီလအတွင်း အာရှဖလားတို့အတွက် ခြေစစ်ပွဲစတင်မှုနဲ့အတူ အရေးပါတဲ့ လအနည်းငယ်ကို ကြုံတွေ့နေပါတယ်။

အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ရှည်လျားတဲ့ သွားရာလမ်းမှာ အာရှက ၃၆ သင်းပါဝင်ယှဉ်ပြိုင်မှုနဲ့အတူ ကြာသပတေးနေ့က အကြိတ်အနယ် စတင်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly