နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၀ နိုဝင်ဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၀ နိုဝင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • အလင်းဝင်ရောက်ခြင်း မရှိသည့် Non-CDM ဝန်ထမ်းများကို တည်ဆဲ ဥပဒေနှင့် အညီ ထိရောက် စွာ အရေးယူအပြစ်ပေးမှာဖြစ်တာကြောင့် ပြည်သူလူထုဘက်မှ ရပ်တည်ပြီး အလင်းဝင်ရောက်ရန် အင်္ဂပူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြင်းထန်စွာ သတိပေးလိုက်ကြောင်း  နိုဝင်ဘာ ၂၀ ရက်နေ့၌ ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မုံရွာခရိုင် အမှတ် (၂၂) နတ်ဆိုး တပ်ရင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သေနတ် (၅)လက် တပ်ဆင်ပေးခဲ့ ကြောင်း မုံရွာနတ်ဆိုး တပ်ရင်းမှ အသိပေး ထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ မြို့နယ်ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့၊ နာယက၊ အဖွဲ့ခေါင်းဆောင်နဲ့ ရေးရာအဖွဲ့ဝင်တွေက Non-CDM ဝန်ထမ်းများ စီမံခန့်ခွဲရေးကော်မတီဖွဲ့စည်း ပြီး ဆောင်ရွက်နေကြောင်း ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနှင့်  နိုင်ငံတကာမှ Fundraisersများ တွေ့ဆုံဆွေးနွေးမှုကို နိုဝင်ဘာ ၁၇ ရက် နှင့် ၁၈ ရက် နှစ်ရက် ဆက်တိုက် ပြုလုပ်ခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အနာ ဂတ် ရှေ့ လုပ် ငန်းစဉ်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ထံ ရှင်းလင်း တင်ပြဆွေးနွေးမှုကို နိုဝင်ဘာ ၁၇ ရက်မှာ ဗီဒီယိုကွန်ဖရင့်ကတစ်ဆင့်ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်(မ်) ဦးဆောင်ပြု လုပ် သော "Freedom Tattoo Campaign" ကို ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့တွင် ပြုလုပ်သွားမှာဖြစ်ကြောင်း Freedom Tattoo Campaign က အသိပေးထုတ်ပြန်ထားသည်။ 

  • ကြားကာလ အဆင့်မြင့်ပညာယာယီတက္ကသိုလ်ကောင်စီများနှင့် CDM နိုင်ငံဝန်ထမ်းထုညီလာခံ ဖြစ်မြောက်ရေး ကော်မတီတို့အကြား တွေ့ဆုံဆွေးနွေးမှုကို နိုဝင်ဘာ ၁၉ ရက် ညနေ ၆ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • ကရင်နီပြည်တွင် သေနတ်ထိမှန်ကာ ပျက်ကျခဲ့သည့် တိုက်လေယာဉ်မှ အသက် ၄၃ နှစ်အရွယ် လေတပ် ဗိုလ်မှူး ခိုင်သန့်မိုးကို ကရင်နီဒေသတစ်နေရာတွင် တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၁၉ ရက်တွင် ရှာဖွေတွေ့ရှိကာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း Myanmar Now သတင်းတွင် ဖော်ပြထားသည်။ 

  • စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာတွင် အခိုင်အမာတပ်စွဲပြီး ခုခံနေသည့် ပျူစောထီး-စစ်ကောင်စီတပ်နှင့် တော်လှန်ရေးမဟာမိတ်များအကြား ၁၂ ရက်မြောက်အဖြစ် နိုဝင်ဘာလ ၂၀ ရက် ယနေ့အထိ တိုက်ပွဲများဖြစ်ပွားနေကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပြည်သူ့ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်နှင့် အတူ အလင်းဝင်လာသည့် တပ်သား တဦးကို နိုဝင်ဘာ ၂၀ရက်၊မွန်းလွဲ ၁နာရီတွင် ခင်ဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ငွေကျပ် သိန်း ၅၀ ချီးမြှင့် ကြောင်း သိရသည်။ 

  • အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံ နယ်စပ်၌ ယခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ များ တွင် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏မိသားစုဝင်များ စုစုပေါင်း ၁၄၂ဦး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြောင်း တော်လှန်ရေးသတင်းအရင်းမြစ်များထံက သိရသည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့၌ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဓာတ်ဆီတလီ တာလျင် ကျပ် ၁၀၀,၀၀၀ ပေါက်စျေးရှိနေကြောင်း ဒေသခံတို့၏ပြောဆိုချက်အရ သိရသည်။ 

  • မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့တွင် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်၊ တရား လွှတ်တော်ရှေ့နေ လည်းဖြစ်သူ ဦးစံထွန်း သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံတဦးက မဇ္ဈိကိုပြောသည်။ 

  • ရခိုင်ပြည်နယ်ဘက်မှာ စစ်တပ်နှင့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲ့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးကြရတဲ့ ပြည်တွင်းဒုက္ခသည်အသစ် ၂ သောင်း ၆ ထောင်ကျော် တိုးလာတယ်လို့ ကုလသမဂ္ဂက ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA)က နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်လိုက်ပါတယ်။ 

  • မြန်မာနိုင်ငံဟာ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက နိုင်ငံ တကာ တရားရုံး (ICJ) မှာ တရားစွဲဆိုထားသည့် အမှုကို ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ဗြိတိန် စသည့် ခြောက်နိုင်ငံက ပူးပေါင်းပါဝင်ကြောင်း ICJ က နိုဝင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်သည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့အနီးရှိ စခန်းသစ်တပ်စခန်း ကိုစီးနင်း တိုက်ခိုက်စဉ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအသုံးပြု တိုက်ခိုက် ခဲ့၍ တပ်ဖွဲ့ဝင်အချို့အဆိပ်ငွေ့သင့်ပြီး ကုသမှုခံယူနေရကြောင်း တအာင်းအမျိုးသား လွတ်မြောက် ရေး တပ်မတော်(TNLA)က ထုတ်ပြန်ထားသည်။ 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲ-ဖယ်ခုံနယ်စပ်တွင် စစ်ကောင်စီ၏ လွိုင်လင်လေးအခြေစိုက် ခမရ(၅၃၀) မှ တပ်သားသုံးဦး လက်နက်ခဲယမ်းများယူဆောင် ထွက်ပြေးလာပြီး အလင်းဝင်လာ ကြောင်း ဖယ်ခုံPDF က သတင်းထုတ်ပြန်သည်။ 

  • ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်ခရိုင်တွင် လက်နက်၊ ခဲယမ်း အပြည့်အစုံယူဆောင်လာသည့် စစ်ကောင်စီတပ်သားလေးဦး အလင်းဝင်လာကြောင်း KNU-မူတြော် သတင်းစဉ်က နိုဝင်ဘာလ ၁၉ ရက် ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ ဖမ်းမိထားသည့် စစ်သုံ့ပန်း ၄ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီ  

  • ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့များက ဆိုင်ကယ်၊ စက်ဘီးပိုင်ရှင်များအား လိုင်စင်ပြုလုပ်ရမည်ဆိုသည့်ခေါင်းစဥ်ဖြင့် အခွန်ကောက်ခံနေ ကြောင်း သိရသည်။ 

  • ပြည်သူများ ဘဏ်ကနေ ငွေသားကို လိုတာထက်ပိုပြီး ထုတ်ယူကာ လက်ဝယ်ထားရှိ ခြင်းကြောင့် လုယက်၊ ဓားပြ တိုက်ခြင်းများ ခံရနိုင်ကြောင်း ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောသည်။ 

  • နယ်စပ်ဒေသတွင် တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား ၉၃၅ ဦး၊ အမျိုးသမီး ၈၂ ဦး၊ စုစုပေါင်း ၁၀၁၇ ဦးကို ဖော်ထုတ်ရရှိခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ် ပြန်သည်။ 

  • နေပြည်တော် ကုတင် ၁၀၀၀ တပ်ဆေးရုံတွင် ဆေးကုနေသည့် အရာရှိနှင့်စစ်သည်များကို စကစ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက် ကြည့်ရှု့ အားပေးခဲ့ကြောင်း ပြန်ကြား ရေး က ထုတ်ပြန်ထားသည်။ 

နိုဝင်ဘာ ၂၀ သုံးသပ်ချက် 

  • စစ်ကောင်စီ၏ လေယာဉ်မှူးကို တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းမိထားပြီး ယင်းလေယာဉ်မှူးကို စစ်ကြေးမေးမြန်းပြီးနောက် လေကြောင်းဗုံးကျဲမှုကြောင့် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရမှုအပေါ် ခိုင်းစေခဲ့သူအဆင့်ဆင့်ကိုပါ  စစ်ရာဇဝတ်မှုဖြင့် အရေးယူနိုင်ရန် ဆောင်ရွက် ရမည်ဖြစ်သည်။ 

  • စစ်ကောင်စီမှ ဘဏ်ငွေထုတ်သူများကို စောင့်ကြည့်မည်ဟု ခြိမ်းခြောက်နေသလို ဗဟိုဘဏ်ကလည်း ငွေထုတ်လျှင် ဓားပြတိုက် လုယက်ခံရနိုင်သည်ဟု ခြိမ်းခြောက်ပြောဆိုနေသည်ကို ကြည့်ခြင်းအားဖြင့် ဘဏ်များပြိုလဲမည်ကို စစ်ကောင်စီမှ စိုးရိမ်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly