တောင်ကိုရီးယား T1 အသင်း League of Legends ကမ္ဘာ့ချန်ပီယံဆုကို စံချိန်တင် ၄ ကြိမ်မြောက် ဆွတ်ခူး

တောင်ကိုရီးယား T1 အသင်း League of Legends ကမ္ဘာ့ချန်ပီယံဆုကို စံချိန်တင် ၄ ကြိမ်မြောက် ဆွတ်ခူး

တောင်ကိုရီးယား အင်အားကြီး T1 ဟာ e-sports ရဲ့ Super Bowl အဖြစ် တွင်ကျယ်စွာ သတ်မှတ်ခံရတဲ့ League of Legends ကမ္ဘာ့ချန်ပီယံရှစ်ကို စံချိန်တင် လေးကြိမ်မြောက် သိမ်းပိုက်ဖို့ တနင်္ဂနွေနေ့က တရုတ်ရဲ့ Weibo Gaming အသင်းကို ဖယ်ထုတ်ခဲ့ပါတယ်။

အရင်က SK Telecom လို့ လူသိများတဲ့ T1 အသင်းဟာ ဆိုးလ်မြို့ရှိ ပရိသတ် ၁၈,၀၀၀ ဆံ့ Gocheok Sky Dome အားကစားကွင်းမှာ ဖိုင်နယ်ပွဲရဲ့ အကောင်းဆုံး ၅ ပွဲမှာ ၃ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီးနောက်မှာတော့ ကြွေးကြော်ခဲ့ကြပါတယ်။

၂၀၁၁ မှာ ပထမအကြိမ် ပြိုင်ပွဲကို ကျင်းပခဲ့ပြီးနောက်ပိုင်း လျင်မြန်စွာ ကြီးထွားလာခဲ့တဲ့ League of Legends ကမ္ဘာ့ချန်ပီယံရှစ်ဟာ ဒေါ်လာဘီလီယံချီတန်တဲ့ ကမ္ဘာလုံးဆိုင်ရာ e-sports industry ရဲ့ အကျော်ကြားဆုံးနဲ့ လူကြည့်အများဆုံး e-sports ပြိုင်ပွဲတွေထဲက တခုဖြစ်လာပါတယ်။ ဒီဖိုင်နယ်အတွက် Legions ပရိသတ်တွေ ဆိုးလ်မြို့ကို ချီတက်ခဲ့ကြပါတယ်။

T1 အဖွဲ့ဝင်တွေက ဖလားကို ကိုင်မြှောက်နေချိန်မှာ ပရိသတ်ကြီးက "T1! T1! T1" လို့ ကြွေးကြော်နေသလို မီးရှူးမီးပန်းတွေကိုလည်း ပစ်လွှတ်ခဲ့ကြပါတယ်။

"အရာအားလုံးထက် လူတွေ အများကြီးရှေ့မှာ ကစားနိုင်ခဲ့လို့ ကျနော် အရမ်းကျေးဇူးတင်ပါတယ်"လို့ e-sports ရဲ့ မိုက်ကယ်ဂျော်ဒန်အဖြစ် တင်စားခံရတဲ့ စူပါစတား Gamer ဖြစ်သူ T1 ရဲ့ Faker က ပြောပါတယ်။

နာမည်ရင်း Lee Sang-hyeok ဖြစ်သူ Faker ဟာ အခုအခါ ကမ္ဘာ့ချန်ပီယံဆုလေးခုကို စံချိန်တင်ရရှိခဲ့ပြီး အသက် ၂၇ နှစ်အရွယ် Gamer ဟာ League of Legends မှာ အကြီးမားဆုံးဆုကို ဆွတ်ခူးနိုင်တဲ့ အသက်အကြီးဆုံးကစားသမားလည်းဖြစ်ပါတယ်။

သူဟာ ဂိမ်းကို ရူးသွပ်တဲ့ တောင်ကိုရီးယားမှာ ကျော်ကြားသူဖြစ်ပြီး esports ဝါသနာရှင်တွေသာမက လူအများကပါ  အသိအမှတ်ပြု ဂုဏ်ပြုခံရသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဆန်ဖရန်စစ္စကိုမှာ ဖိုင်နယ်မှာ ရှုံးနိမ့်ပြီးနောက် ပြန်လာလိုတဲ့ T1 အတွက် ဒီအောင်ပွဲဟာ ကမ္ဘာ့ချန်ပီယံရှစ်မှာ အသာစီးရတဲ့ ပြိုင်ပွဲတခုဖြစ်ခဲ့ပါတယ်။

"အခုအချိန် ဒါက တကယ်ဖြစ်မနေသလို ခံစားရတယ်၊ ဒါက အိပ်မက်တခုလိုပါပဲ"လို့ Ryu Min-seok ဖြစ်တဲ့ T1 ရဲ့ Keria က ပြောပါတယ်။

League of Legends မှ ဇာတ်ကောင်တွေလို ဝတ်ဆင်ထားသူတွေအပါအဝင် လူအုပ်ကြီးဟာ K-pop ကြယ်ပွင့် NewJeans ရဲ့ ဖျော်ဖြေတင်ဆက်မှု ပါဝင်တဲ့ ဖိုင်နယ်ပွဲ မတိုင်ခင် အမိုက်စား အခမ်းအနားတခုကို မြင်တွေ့ခဲ့ရပါတယ်။

 ဒီပွဲကို တောင်ကိုရီးယားနိုင်ငံတဝှမ်းရှိ ရုပ်ရှင်ရုံ ၄၀ ကျော်မှာ တိုက်ရိုက်ပြသခဲ့သလို ဆိုးလ်မြို့လယ်ရှိ  fan zone မှာ ကြည့်ရှုဖို့ ပရိသတ်ထောင်ပေါင်းများစွာကလည်း စုရုံးခဲ့ကြပါတယ်။

ဘေဂျင်းမှာ ရာနှင့်ချီတဲ့ ပရိသတ်တွေဟာ တရုတ်နိုင်ငံရဲ့ Communication တက္ကသိုလ်မှာ ကြည့်ရှုအားပေးတဲ့ ပါတီပွဲကို တက်ရောက်ခဲ့ကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly